11/24/2014

♪ နိုင်ငံခြားငွေလဲလှယ်နှုန်း ဆက်တိုက် မြင့်တက်နေမှုကြောင့် ကွန်ပျူတာနှင့်နည်းပညာဆိုင်ရာ သွင်းကုန်များ ဈေးနှုန်းမြင့်တက်နေပြီး ဝယ်လိုအားများ ကျဆင်းနေ ♫


အမေရိကန်ဒေါ်လာဈေး ဆက်တိုက်မြင့်တက်နေခြင်းကြောင့် ပြည်တွင်းသို့ တင်သွင်းရောင်းချလာကြသည့် နည်းပညာထုတ်ကုန်ပစ္စည်းများနှင့် ကွန်ပျူတာထုတ်ကုန်များ၏ ဈေးနှုန်းများလည်း လိုက်ပါမြင့် တက်လျက် ရှိနေပြီး တစ်ချိန်တည်းမှာပင် ရောင်းအားအနည်းငယ် ကျဆင်းနေကြောင်း  ရန်ကုန်အခြေစိုက် ကွန်ပျူတာဈေးကွက်မှစုံစမ်း သိရသည်။

ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်းများမြင့်တက်လာသည်မှာ ရက်သတ္တပတ်လေးပတ်ကျော် ကြာမြင့် လာပြီ ဖြစ်ပြီး အမေရိကန် ငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် တစ်ထောင်နှင့်အထက် စတင် ပြောင်းလဲ လာသည့် အချိန်မှစတင် ၍ နည်းပညာဆိုင်ရာနှင့်  ကွန်ပျူတာနှင့်ဆက်စက် ပစ္စည်းသွင်းကုန် များ၏တန်ဖိုး များ သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါပြည်ပမှ တင်သွင်းလာသည့် ကွန်ပျူတာ ဆိုင်ရာသွင်းကုန်ပစ္စည်းများ၏ ဝယ်လိုအားများ လည်း ရက်သတ္တပတ် နှစ်ပတ်ကျော်သည်အထိ ဆက်လက်နည်းပါးနေဆဲဖြစ်ကြောင်း ကွန်ပျူတာ လုပ်ငန်းရှင် အချို့နှင့် မိုဘိုင်းဖုန်းလုပ်ငန်းရှင်အချို့ကပြောကြားသည်။

“Apple ပစ္စည်းတွေဈေးတက် နေတာကြာပြီ။ ဒေါ်လာဈေးတက် နေတာနဲ့အမျှ နည်းနည်းချင်းစီ လိုက်တက် နေတာ။ ဝယ်လိုအား ကတော့နည်းလာပေမယ့် သိပ်မသိသာဘူး။ ဒေါ်လာဈေးတက်နေတော့ iPhone 6 နဲ့ 6 Plus ဆို ဈေးကကျသင့်သလောက် မကျသေးဘူး။ ဝယ်သူတွေကတော့ ဈေးကျတဲ့အချိန် ကိုစောင့်ကြမှာပဲ”ဟု iNora Apple Shop မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းထားမြင့်တက်နေမှုကြောင့်  အမေရိကန် ဒေါ်လာဈေးဖြင့်တွက်ချက်ပြီး မြန် မာငွေ တန်ဖိုးဖြင့် ဝယ်ယူရသော နည်းပညာထုတ်ကုန်ပစ္စည်းများ၏ဈေးနှုန်းများ ဆက်တိုက်မြင့် တက် နေဦးမည် ဆိုပါက  ပြည်တွင်း ဈေးကွက်အတွင်း၌ ဝယ်လိုအား သိသာစွာလျော့နည်းလာဦးမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းနှင့်ကွန်ပျူတာလုပ်ငန်း လုပ်ကိုင်နေသူများက သုံးသပ်ပြောကြားသည်။

“iPhone 6 ဝယ်ဖို့ပြင်နေတာ။ ဒါပေမဲ့ ဒေါ်လာဈေးက တောက်လျှောက်တက်နေတော့ ဆက်ပြီး စောင့်နေရ တုန်းပဲ။ လက်ရှိဈေးနှုန်းနဲ့ဆို ကိုယ်မှန်းထားတာနဲ့အများကြီးကွာနေတာ။ ဒေါ်လာဈေးပြန် တည်ငြိမ်သွားတဲ့ အချိန်ကိုပဲစောင့်နေလိုက်တော့မယ်” ဟု Apple ၏ နောက်ဆုံးမိုဘိုင်းထုတ်ကုန်ကို ဝယ်ယူရန် ပြင်ဆင်နေ သည့်ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးကဆိုသည်။

အမေရိကန်ဒေါ်လာဈေးသည် ယခုနှစ်စက်တင်ဘာလကုန်က တစ်ဒေါ်လာလျင် ၉၇၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယနေ့တွင်တစ်ဒေါ်လာလျှင် ၁၀၈၀ အထိဖြစ်လာပြီ ဖြစ်သည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com