8/16/2014

♪ ဖုန်းနှင့် လက်ပ်တော့များ ကိုင်ထားပြီး လမ်းပျောက်နေသူများကို သတိ ♫

လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ ကိုင်ထားသည့် အသားဖြူဖြူနှင့် လူများက လမ်းပျောက်နေသည်ဟုဆိုကာ သင့်ထံရောက်လာပါက သင်သည် လိမ်လည်လှည့်ဖြားသူများ၏ သားကောင်ဖြစ်ရန် ရွေးချယ်ခံလိုက် ရသည်ဆိုသည်မှာ သေချာသလောက်ရှိပြီဟု တွေးထားသင့်သည်။
အမှန်တကယ် လမ်းပျောက်သူလား၊ လူလိမ်များလားဆိုသည်ကို ဖော်ပြပါအချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်စေလိုပါသည်။
ထိုသူများက ပထမအဆင့်အနေဖြင့် မြန်မာစကားတစ်လုံးတလေမှ မပြောတတ်သည့်ဟန်ပန်ဖြင့် သင်နှင့် အနီးအနားပတ်ဝန်း ကျင်မှ နေရာတစ်ခုကို မေးမြန်းပြီး ထိုနေရာတွင် သူ၏မိတ်ဆွေနှင့် အချိန်းအချက်ပြုထားကြောင်း ခြေဟန်လက်ဟန်ဖြင့် ရှင်းပြ လိမ့်မည်။ သူစောင့်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏မိတ်ဆွေ ရောက်မလာသေးကြောင်းလည်း ရှင်းပြလိမ့်မည်။
ဒုတိယအဆင့်အနေဖြင့် သူ့ထံတွင် ပိုက်ဆံပြတ်လပ်နေပြီး လွန်စွာအခက်အခဲရှိကြောင်း ကူညီသည့်အနေဖြင့် သူ့တွင်ပါလာသည့် နာမည်ကျော် ဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့များကို ပေးနိုင်သည့်ဈေးဖြင့် ၀ယ်ယူရန် ကမ်းလှမ်းလိမ့်မည်။
သင့်ထံရောက်လာသည့် လမ်းပျောက်သူများက အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဆိုပါက ယခင်လိမ်လည်ခံရသူများနည်းတူ သင်လည်း လိမ်ခံရတော့မည် ဖြစ်သည်။
ပြီးခဲ့သည့်နှစ်များက ရန်ကုန်မြို့၏ လမ်းမများထက်၌ လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ကိုင်ထားသည့် အသားဖြူဖြူနှင့်လူများသည် မကြာခဏ လမ်းပျောက်ခဲ့ကြသည်။
တရုတ်နိုင်ငံသားများအဖြစ် ၎င်းတို့ကိုယ်၎င်းတို့ မိတ်ဆက်ကြပြီး သန့်သန့်ပြန့်ပြန့် ၀တ်စားထားကြသည့် လိမ်လည်သူများ၏ ပစ်မှတ်သည် ယုံလွယ်သူများ၊ အသနားစိတ်ကြီးပြီး အကူအညီပေးသူများနှင့် လောဘကြီးသည့်လူများ ဖြစ်ခဲ့ရသည်။
ပြီးခဲ့သည့် ၂ နှစ်ခန့်အတွင်းက ရန်ကုန်မြို့တွင် လိမ်လည်ခံခဲ့ရသူ သုံးဦးခန့်ကို 7Day မှ တွေ့ဆုံမေးမြန်းခဲ့ရာ လာရောက်လိမ်လည် သူများ၏ ပုံစံသည် တစ်ပုံစံတည်းနီးပါးဖြစ်ကြောင်း ဖြေကြားခဲ့သည်။
‘‘သူတို့က ဗမာစကားတစ်လုံးမှ မတတ်တဲ့ပုံစံနဲ့။ အင်္ဂလိပ်လို တစ်လုံးစ၊ နှစ်လုံးစ ပြောတယ်။ ကျွန်တော့်ကိုကျတော့ No Money Hungry (ပိုက်ဆံမရှိဘူး၊ ဗိုက်ဆာတယ်)ဆိုပြီး အင်္ဂလိပ်လိုပြောတယ်’’ဟု လွန်ခဲ့သည့်တစ်နှစ်ခန့်က  Samsung အမှတ်တံဆိပ်ဖုန်း လိမ်လည်ရောင်းချခံခဲ့ရသည့် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှ ဦးစည်သူကပြောသည်။
၎င်းတို့သည် လွန်ခဲ့သည့်သုံးနှစ်ခန့်မှစတင်ပြီး ရန်ကုန်မြို့တွင် လှုပ်ရှားခဲ့ကြပြီး ပြီးခဲ့သည့်နှစ်မှစတင်ပြီး ပြည်နယ်နှင့်တိုင်းဒေသ ကြီးအချို့ရှိ မြို့များသို့ပါ ရောက်ရှိခဲ့သည်။
လမ်းပျောက်သူများက သူတို့၏ဖုန်းနှင့် လက်ပ်တော့ကွန်ပျူတာများကို ပြင်ပပေါက်ဈေးထက် အဆမတန်လျော့နည်းသည့်ဈေးနှုန်းဖြင့် ၀ယ်ယူသူများအား ဆွဲဆောင်ကြသည်။
၎င်းတို့ပြန်သွားပြီး ရက်ပိုင်းအတွင်း ပျက်စီးသွားခြင်းနှင့် အဆိုပါပစ္စည်းများသည် အတုများဖြစ်နေခြင်းတို့ကို သတိထားမိချိန်တွင် လမ်းပျောက်သူများက နောက်တစ်ဦးကို ထပ်မံလိမ်လည်ရန် အခြားတစ်မြို့သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည် ။
‘‘အဲဒီလိုပစ္စည်းတွေက တော်တော်သတိထားရတယ်။ ကိုယ်က သူ့ကိုကူညီတယ်ဆိုပေမယ့် ခိုးရာပါပစ္စည်းလိုမျိုးဖြစ်နေရင် လူလိမ်ခံရရုံတင်မကဘူး ထောင်ပါကျနိုင်တယ်။ ခိုးရာပါပစ္စည်း လက်ခံမှုက ထောင်သုံးနှစ်အထိ ချလို့ရတယ်’’ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
လိမ်လည်ခံရသူအများစုကလည်း ရဲစခန်းသို့ တိုင်ကြားခြင်းမပြုဘဲ လူသိမခံခြင်း၊ မိမိကိုယ်တိုင် ဖြေရှင်းခြင်းတို့ကြောင့် လိမ်လည်သူများ ပိုမိုအတင့်ရဲလာခြင်းဖြစ်ကြောင်း အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောသည်။
‘‘လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက အဲဒီလိုလာလိမ်တဲ့ တရုတ်တော်တော်များများကို နယ်စပ်ကနေ တရုတ်ပြည်ထဲ ပြန်ပို့ခဲ့ရဖူးတယ်။ မန္တလေးမှာရော၊ နယ်စပ်တစ်လျှောက်မှာရော အဲဒီလိုလိမ်လာတာ ကြာပြီလို့သိရတယ်’’ဟု လိမ်လည်သူများအား နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။
ယခုရက်ပိုင်းအတွင်း တန်ဖိုးနည်းဖုန်းများ အကန့်အသတ်မရှိ ရောင်းချနေကြောင့် လိမ်လည်သူများ၏ ပစ်မှတ်များသည်လည်း တစ်စတစ်စကြီးထွားလာနေသည်။
မြန်မာနိုင်ငံတွင် လူသုံးများသည့် Samsung, Huawei စသည့် မိုဘိုင်းဟန်းဆက်ကုမ္ပဏီများကလည်း ၎င်းတို့၏ ပစ္စည်းများကို တုပရောင်းချခြင်းများမှ ကာကွယ်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
‘‘ဈေးကွက်ထဲမှာ ကျွန်တော်တို့ရဲ့ ဟန်းဆက်တွေကို အတုတွေတွေ့ရတဲ့အတွက် အတုအစစ်ခွဲခြားနည်းကို ဂျာနယ်တွေထဲမှာလည်း ကြေညာသလို ဟန်းဆက်အတုတွေ့ရင် သတင်းပေးတဲ့သူတွေကို ဆုငွေပေးသွားမယ်ဆိုပြီးတော့ လုပ်ထားတာတွေရှိပါတယ်’’ဟု Huawei မြန်မာကုမ္ပဏီမှ ဖြန့်ချိရေးတာဝန်ခံတစ်ဦးကပြောသည်။
Huawei ဖုန်းများကို အတုနှင့်အစစ် ခွဲခြားနိုင်ရန်နှင့် ဈေးကွက်အတွင်း၌ အတုများကို တွေ့သောကြောင့် သတင်းပေးလိုပါက Huawei ၏ Customer ServiceCenter သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း ၎င်းကပြောသည်။
အလားတူပင် မြန်မာနိုင်ငံတွင် လူသုံးများသည့် Samsung အမှတ်တံဆိပ် ဟန်းဆက်များ တုပရောင်းချခြင်းများမှ ကာကွယ်ရန် အသေးစိတ်အစီအစဉ်များ လုပ်ဆောင်နေကြောင်း Samsung မြန်မာရုံးခွဲ၏ Head of Channel Management Mobile ဦးဇာနည်ဝင်းထွဋ်ကပြောသည်။
‘‘ဈေးကွက်ထဲမှာ အတုတွေကတော့ မကြာခဏတွေ့နေရတယ်။ Samsung ဟန်းဆက်အတုဆိုတဲ့နေရာမှာ တချို့ကလည်း ပုံစံတုလိုက်လုပ်ပြီးတော့ ရောင်းကြတယ်။ တချို့ကလည်း Offical တရားဝင်မဟုတ်ဘဲနဲ့ တင်သွင်းလာတဲ့အခါမှာ ဒီနိုင်ငံရဲ့ကွန်ရက်နဲ့ မကိုက်ညီတာမျိုးတွေ ဖြစ်တတ်ပါတယ်’’ဟု ဦးဇာနည်ဝင်းထွဋ်က ပြောသည်။
လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ကိုင်ထားသည့် အသားဖြူဖြူနှင့်လူများသည် မြန်မာနိုင်ငံတွင် မကြာခဏ လမ်းပျောက်လျက်ရှိသည်။ လမ်းပျောက်သူများကို ကူညီရင်း ယုံလွယ်သူများ၊ အသနားစိတ်ကြီးပြီး အကူအညီပေးသူများနှင့် လောဘကြီးသည့်လူများ ကိုယ်တိုင်လည်း မကြာခဏ လမ်းပျောက်သွားခဲ့ရသည်။




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>