5/28/2014

♪ လျှပ်စစ်မီးရရှိမှုနှင့် အင်တာနက် ဆက်သွယ်ရေးစနစ်များ မတည်ငြိမ်ခြင်းက အနာဂတ်အိုင်စီတီဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေ ♫


မြန်မာနိုင်ငံ၏ လျှပ်စစ်မီးရရှိမှုနှင့် အင်တာနက်ဆက်သွယ်ရေးစနစ် တည်ငြိမ်မှုအနေအထား များက  ပြည်တွင်းအိုင်စီတီလုပ်ငန်းနယ်ပယ်အနာဂတ်ကို ခြိမ်းခြောက်မှုများဖြစ်လာနေပြီဖြစ်ကြောင်း ကွန်ပျူတာပညာရှင်နှင့် လုပ်ငန်းရှင်အချို့က တညီတညွတ်တည်းပြောကြားကြသည်။     ပြည်တွင်း၌ လျှပ်စစ်မီး ရရှိမှုအချိန်မူမမှန်ခြင်း၊ အင်တာနက်မြန်နှုန်းများ အရည်အသွေးညံ့ဖျင်းဆဲဖြစ်နေခြင်း အစရှိသည့် အကြောင်းအရာများသည် မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနှေးကွေးနေခြင်းဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်တချို့ကဆိုကြသည်။     “အင်တာနက်လိုင်းမကောင်းလို့ ထပ်ဆိုးစရာမရှိတော့ပါဘူး။ အဆိုးဆုံးအခြေအနေ ရောက်ပြီးသားဖြစ်နေလို့ပါ။ ပိုက်ဆံယူပြီး ကောင်းအောင်လုပ်ပေးပါ။ အချိန်တိုတိုနဲ့ ကဏ္ဍအစုံတိုးတက်အောင် လုပ်နိုင်တာ အိုင်တီပါ” ဟု Myanmar Web Solution မှ အမှုဆောင်အရာရှိချုပ် ဦးဝေလင်းထွန်းက ပြောသည်။     ယခုလက်ရှိအချိန်အထိ အရည်အသွေးပြည့်မှုမရှိသေးသည့် မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်မှုမြန်နှုန်းများကြောင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် နှောင့်နှေး ကြန့်ကြာမှုများနှင့် နေ့စဉ်ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။     ထို့အပြင် အများပြည်သူသို့ မည်သည့်အချိန်တွင်မဆို  ကြိုတင်အကြောင်းကြားထားခြင်းမရှိသည့် လျှပ်စစ်မီးပြတ်တောက်မှုများသည်လည်း ပြည်တွင်းအိုင်စီတီလုပ်ငန်းဖွံ့ဖြိုးမှုကို ခြိမ်းခြောက်မှုများဖြစ်လာသည်ဟု ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်တချို့ကပြောသည်။     “ကျွန်တော်တို့လို အိုင်စီတီနယ်ပယ်မှာ လုပ်ကိုင်နေရတဲ့ Developer အများစုက သင်ခန်းစာတွေ၊ သိလိုတာတွေကို အင်တာနက်ကနေပဲရှာဖွေကြရတယ်။ လျှပ်စစ်မီးကတော့ဆရာပါပဲ။ လျှပ်စစ်မီးမရရင် အင်တာနက်မရနိုင်သလို အင်တာနက်မရှိရင်လည်း Developer တစ်ယောက်က သူ့ရဲ့တိုးတက်ဖွံ့ဖြိုးမှု၊ အိုင်စီတီနယ်ပယ်ရဲ့ တိုးတက်မှုအတွက် အလုပ်မလုပ်နိုင်ပါဘူး” ဟု Sundew Myanmar အိုင်စီတီကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ကိုထွန်းလင်းကပြောသည်။     ပြည်တွင်းအိုင်စီတီ အခန်းကဏ္ဍဖွံ့ဖြိုးရန်အတွက် လျှပ်စစ်မီးရရှိမှုနှင့် အင်တာနက်မြန်နှုန်းများသည် တည်ငြိမ်မှုရှိရန်လိုအပ်ပြီး အခြေခံကျသောအဆိုပါအချက်များကို အစိုးရဘက်မှထောက်ပံ့မှုမပေးနိုင်ပါက မြန်မာနိုင်ငံ၏ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာအခန်းကဏ္ဍတိုးတက်ရန် အခွင့်အလမ်းများ နှောင့်နှေးနေဦးမည်ဟု ပြည်ပနိုင်ငံရောက် မြန်မာ Developer တချို့ကသုံးသပ်သည်။     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကမူ  ပြည်တွင်းအင်တာနက်မြန်နှုန်းများ နှေးကွေးနေခြင်းသည် သုံးစွဲသူများပြားလာသော်လည်း လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်မှု အားနည်းနေခြင်းကြောင့် ယခုကဲ့သို့ ဆက်သွယ်ရေးကဏ္ဍတွင် အားနည်းချက်များဖြစ်ပေါ်နေရခြင်းဟု ပြောကြားသည်။     မြန်မာအစိုးရ၏ အိုင်စီတီအခန်းကဏ္ဍကို ပံ့ပိုးပေးမှုသည် အဖက်ဖက်မှ အားနည်းနေခြင်းဖြစ်ပြီး ဝန်ကြီးဌာနများ၏ အိုင်စီတီကို အသုံးချနိုင်မှုသည်လည်း လျင်လျင်မြန်မြန် တိုးတက်လာသည့် အနေအထားတွင်မရှိသေးကြောင်း အထက်ပါ ကွန်ပျူတာပညာရှင်အချို့က ဝေဖန်ပြောကြားသည်။     “အစိုးရရဲ့အိုင်စီတီကိုပံ့ပိုးပေးမှုက လူကြားကောင်းအောင်လို့ ပြောတဲ့အနေအထားပဲ ရှိပါသေးတယ်။ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု လမ်းကြောင်းတွေက အထက်ကမှစပြီး မတည်ဆောက်ပေးနိုင်ရင် ဘာမှမစသေးဘူးလို့ဘဲ မှတ်ယူရမှာပဲ” ဟု မန္တလေးတိုင်းကွန်ပျူတာ လုပ်ငန်းရှင်အသင်း၏ ဥက္ကဋ္ဌ ဦးရဲမြတ်သူက ပြောသည်။     “အိန္ဒိယရဲ့ နေရာတော်တော်များများမှာ လျှပ်စစ်မီးမရကြပါဘူး။ ဒါပေမဲ့ သူတို့ဆီမှာ အိုင်တီပညာရှင်တွေ အများကြီးပါပဲ။ ဒါပေမဲ့ ဒီနှစ်ခုကလည်း ဆက်စပ်နေပါတယ်” ဟု ဦးဝေလင်းထွန်းက ဆိုသည်။     မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲသူများ တိုးတက်လာခြင်းကြောင့် အင်တာနက် အသုံးပြုနှုန်းမြင့်တက်လာခြင်းနှင့်အတူ နောက်ဆုံးပေါ် နည်းပညာထုတ်ကုန်များ၏ ဈေးကွက် ဝယ်လိုအားများ မြင့်လာခြင်း အစရှိသည့် အခြေခံကျသော အချက်များကြောင့် ပြည်တွင်းအိုင်စီတီ အချိုးအကွေ့ဖြစ်ပေါ်လာသော်လည်း ထိုအပြောင်းအလဲတွင် အစိုးရက လိုက်ပါလာခြင်းမရှိဟု အထက်ပါ ကွန်ပျူတာပညာရှင်နှင့် လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

ယုဇနကိုကို
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>