မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တန်ဖိုးနည်းဆင်းမ်ကတ်စီမံကိန်းသည်
အမှန်တကယ်မိုဘိုင်းဖုန်း လိုအပ်သူများထံသို့ မရောက်ရှိဘဲ အထူးသဖြင့်
ကျေးလက်ဒေသတွင် နေထိုင်သူများအတွက် အကျိုးသက်ရောက်မှု နည်းပါးလွန်းကြောင်း
စုံစမ်းသိရသည်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ၂၀၁၃ ဧပြီမှ စတင်ကာ
တစ်ထောင့်ငါးရာတန် ဆင်းမ်ကတ်များကို စတင်ရောင်းချပေးခဲ့သော်လည်း
မိုဘိုင်းဖုန်းအသုံးပြုရန် လိုအပ်သည့် လူများထံသို့
ရောက်ရှိမှုနည်းပါးခဲ့ပြီး ကျေးလက်ဒေသတွင်နေထိုင် သည့်
တောင်သူလယ်သမားအများစုမှာ ယခုအချိန်အထိ မိုဘိုင်းဖုန်းအသုံးပြုနိုင်မှု
မရှိသေးကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခုအချိန်အထိ တန်ဖိုးနည်းဆင်းမ်ကတ် တစ်သန်းကျော်ကို ရောင်းချပြီးဖြစ်သည်။
“တစ်ထောင့်ငါးရာတန်ဖုန်းတွေ ရောင်းမယ်ဆိုလို့ ဟန်းဆက်ဖိုးစုထားတာ။
တကယ်တမ်းကျတော့ အခုအချိန်အထိ မဲလည်းမပေါက်ခဲ့သလို တစ်အိမ်လုံးလည်း
ဖုန်းမသုံးရသေးပါဘူး။ စုထားတဲ့ဖုန်းဖိုးလည်း ဈေးဖိုးထဲပါသွားပြီ” ဟု
ထားဝယ်မြို့နယ်၊ နဘုလယ်ကျေးရွာတွင် နေထိုင်သူ ရေလုပ်ငန်းဖြင့်
အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသည့်သူတစ်ဦးက ပြောသည်။
ယခုလက်ရှိတာဝန်ယူထားရသည့် အစိုးရလက်ထက်တွင် တန်ဖိုးနည်း
ဂျီအက်စ်အမ်ဆင်းမ်ကတ်အရေအတွက် သန်း ၃၀ ကို ရောင်းချမည်ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၀၁၁ နှစ်ကုန်ပိုင်းကာလများက
ပြောကြားခဲ့သော်လည်း လက်တွေ့တွင် ၎င်းတို့ရောင်းချခဲ့သည့် အရေအတွက်မှာ
တစ်သန်းကျော်သော ပမာဏသာဖြစ်ပြီး ဂျီအက်စ်အမ်စနစ်မဟုတ်သည့် စီဒီအမ်အေ
ဖုန်းများလည်း ပါဝင်လာခဲ့သည်။
ရန်ကုန်၊ မန္တလေးနှင့် နယ်မြို့ကြီးများတွင်ပင်
မိုဘိုင်းဖုန်းအသုံးမပြုနိုင်သေးသည့် အခြေခံလူတန်းစား အများအပြား
ကျန်ရှိနေသေးပြီး အများစုသည် နောက်ဆက်တွဲ ကုန်ကျစရိတ်များကို
မတတ်နိုင်ကြသူများဟု သိရသည်။
“မဲစနစ်ဆိုရင်လည်း လူတိုင်းတော့ မဲနှိုက်ခွင့်ရှိတယ်လို့
ကျွန်တော်တို့တော့ထင်တာပဲ။ အခု တစ်အိမ်လုံးမှာ တစ်ယောက်ပဲနှိုက်ရတာ ဆိုတော့
အခွင့်အရေးက မရှိသလောက်ဘဲ။ အခုထိတော့ မဲမပေါက်သေးဘူး။ မဲပေါက်ရင်လည်း
ဖုန်းဝယ်ဖို့စုရဦးမယ်။ ဒါမှမဟုတ် ပြန်ရောင်းစားဖြစ်မလားပဲဗျ” ဟု
ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် နေထိုင်သည့် အသက် ၅၂ တောင်သူတစ်ဦးက
ပြောသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်မှာ
ငါးသန်းကျော်အထိ မြင့်တက်လာသော်လည်း အထူးသဖြင့် မြို့ကြီးများတွင်
ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများတွင်မူ
အသုံးပြုနိုင်သူနည်းပါးနေဆဲဖြစ်သည်။
ထိုဒေသတွင်နေထိုင်သည့် မြန်မာနိုင်ငံသားများသည် သက်ဆိုင်ရာဒေသများကို
အုပ်ချုပ်သူများ၏ မဲစနစ်ဖြင့် ရောင်းချပေးမှုများကြောင့် အဓိက
ဖုန်းအသုံးမပြုနိုင်ကြခြင်းလည်း ဖြစ်သည်။
“ဒီမှာတန်ဖိုးနည်းဖုန်းကို မဲနှိုက်တာလည်း ခဏခဏရှိပြီ။
ကျွန်တော်တို့အိမ်မှာ မိသားစုခြောက်ယောက်ရှိတာ တစ်ယောက်ပဲ မဲပေါက်ပါတယ်။
ကျန်တဲ့သူတွေ မဲနှိုက်ခွင့်မရှိတော့ဘူး။ မိသားစုခြောက်ယောက်မှာ
ဖုန်းတစ်လုံးရှိတာကတော့ သိပ်ပြီးအရင်ကထက် မထူးခြားသွားပါဘူး” ဟု
မကွေးတိုင်းဒေသကြီးအတွင်းရှိ သပြေစမ်းကျေးရွာတွင် နေထိုင်သည့်
တောင်သူအမျိုးသားတစ်ဦးဖြစ်သူ ဦးကြီးမြင့်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တန်ဖိုးနည်းဆင်းမ်ကတ်
ရောင်းချမှုစီမံကိန်းသည် မိုဘိုင်းဖုန်းလိုအပ်သူတိုင်းအတွက်
အကျိုးသက်ရောက်မှု မရှိခြင်းကြောင့် ယခုအချိန်အထိ ကျေးလက်ဒေသများတွင်
မိုဘိုင်းဖုန်း အသုံးမပြုနိုင်သေးသည့်သူများ များပြားနေဆဲဖြစ်ကြောင်း
သိရသည်။
ယခုနှစ် သြဂုတ်လတွင် ဆင်းမ်ကတ်များ စတင်ရောင်းချတော့မည့်
ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏ လုပ်ငန်းစီမံကိန်းများ တွင် ကျေးလက်ဒေသတွင်
နေထိုင်သည့်ဒေသခံများ မိုဘိုင်းဖုန်းအသုံးပြုနိုင်မှု မြင့်တက်စေရန်
ပြုလုပ်မည့်အစီအစဉ်များ ပါဝင်နေသည်။
ref&Credit:internet Journal
Credit to MMAS
Thihahtike
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။