11/04/2014

♪ အက်တာနက် မြန်ဆန်ရေး ဒို့အရေး ♫

MPT

တယ်လီနော SIM ကတ်တွေ ရောင်းတယ်ဆိုတဲ့ သတင်းကြားရပြီး မကြာခင်မှာပဲ ကျွန်တော့်လက်ထဲကို ကတ်တစ်ကတ် ရောက်လာတယ်။ ဘာမှတ်ပုံတင်မှလည်း မပြရ၊ ဘာ ဖောင်မှလည်း မဖြည့်ရပဲ SIM ကတ်က ကိုယ့်ဆီကို အလိုအလျောက် ရောက်လာတယ်။ ဒီကတ်ဝယ်ရခြင်း အကြောင်းက ဖုန်းပြောဖို့ မဟုတ်ဘူး။ အင်တာနက်သုံးချင်လို့ သီးသန့်ဝယ်ထားတာ။

ဒီခေတ်ကျမှ ဖုန်းတစ်လုံး ပြောနိုင်ဖို့ လွယ်ကူလာလိုက်တာ။ ဟိုးတစ်ခေတ်တုန်းကတော့ ဖုန်းဆိုတာ အဘတို့ ဗိုလ်တို့ ကတော် တို့ အကြော်တို့လောက်ပဲ ကိုင်နိုင်တဲ့ပစ္စည်း။ အဲဒီလိုဖြစ်အောင်လည်း တမင်ကို တီထွင်ပြီးတော့ ရေပေါ်ဆီလူတန်းစားနဲ့ တည်ဆောက်၊ ရေပေါ်ဆီလူတန်းစားလောက်ပဲ သုံးနိုင်အောင် ဥပဒေတွေပါ တီထွင်ပြဋ္ဌာန်းပြီး ပြည်သူတွေကို နားကန်း၊ မျက်စိကန်းအောင် လုပ်ထားခဲ့ကြတာပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်ပိုင်းလောက်က လက်ကိုင်ဖုန်းတစ်လုံး ကိုင်နိုင်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ဒါကြောင့် လိုင်းဖုန်းတွေ၊ လမ်းဘေးဖုန်းဆိုင်လေးတွေလည်း တန်းစီရလောက်အောင် ခေတ်စားခဲ့တာပေါ့။ နောက် ပိုင်းတော့ လက်ကိုင်ဖုန်းတွေ ခေတ်စားလာတယ်။ သာမန်လူတန်းစားတွေ လက်ထဲလောက်ကိုလည်း လက်ကိုင်ဖုန်းတွေ ရောက်လာတယ်။ သမ္မတကြီးက အံ့သြလောက်အောင် လုပ်ပြမယ်ဆိုတဲ့ စကားသံနဲ့ အတူ နောက်ပိုင်း ဖုန်းတွေကို ရပ်ကွက်တိုင်းမှာ ဈေးပေါပေါနဲ့ ရောင်းတဲ့ ခေတ်ရောက်လာတယ်။ အဲဒီအချိန် အထိ ဖုန်းလောကကို MPT ကအုပ်စိုးပြီးတော့ အင်တာနက်လောကကို သူကောင်းပြုထား တဲ့ လူတစ် စုလောက်ကပဲ ချုပ်ကိုင်ထားကြသေးတယ်။

ကျွန်တော်ကတော့ လိုင်းကတ်နဲ့ဖုန်းအပါအဝင် နှစ်သိန်းလောက်ဖြစ်တဲ့ခေတ်မှဘဲ လက်ကိုင်ဖုန်းကို သုံးနိုင်တော့တယ်။ ဟိုးယခင်ခေတ်ကတည်းက ဖုန်းတစ်လုံး သုံးနိုင်ဖို့အရေး သိန်းကို ဆယ်ဂဏန်းလောက်တွေနဲ့ ရင်းခဲ့ရတဲ့ ခေတ်တွေတောင် ရှိခဲ့သေးတယ်။ တစ်ချိန်က လက်ကိုင်ဖုန်း တစ်လုံးကို သိန်းပေါင်းများစွာ ပေးကိုင်ခဲ့ရတဲ့ အမကြီးတစ်ယောက်ကတော့ MPT ကို ဖုန်းအငှားချစား တဲ့ဌာန၊ ဒါကြောင့် ဖုန်းတွေ ပြန်ပေးမယ်၊ ပိုက်ဆံပြန်ပေးဖို့ တောင်းဆိုမယ်ဆိုပြီးတော့တောင် မီဒီယာ တွေမှာ အသံသဲ့သဲ့ကြားလိုက်ရသေး။ ဒါပေမဲ့ MPT ဆိုတာက သိတယ်မဟုတ်လား၊ ဘယ်လောက်ပြောပြော အရေကထူနေပြီ။ သူတို့မှာ အရေပြားတောင် ရှိတာမဟုတ်ပါဘူး။ အကြေးခွံတွေနဲ့ တည်ဆောက်ထားကြတာလို့ ဆိုတဲ့သူက ဆိုကြတော့ ထူတာ လောက်ကိုတော့ သူတို့က ပျင်းသေးတယ်လို့တောင် ပြောကြမှာပါ။

ဆက်သွယ်ရေးကို လက်ဝါးကြီးအုပ်တဲ့ခေတ်ကနေ သမ္မတကြီးက ဘယ်လိုပဲ ပြည်သူတွေ အပေါ် မေတ္တာစေတာနာ ထားတယ် ဆိုစေ ခေတ်အခြေအနေအရ လမ်းဖွင့်ပေးလိုက်ရတော့တာပဲ။ ဒါကြောင့် ဆက်သွယ်ရေးကုမ္ပဏီတွေ အလျှိုလျှိုရောက်လာ ပေမယ့် MPT ကတော့ တစ်ကွက်ကျော်ပြီး သူ့ဆီက SIM ကတ်တွေကို မှောင်ခိုတန်းစီပြီး ဝယ်ကြရတဲ့အထိ ဈေးကွက်ကို တိုးချဲ့နိုင်ခဲ့တယ်။ အော်ရီဒူး ထုတ်တော့ မှောင်ခိုနည်းနည်း တွေ့လိုက်ရသေးတယ်။ နောက်ပိုင်း လမ်းဘေးမှာ ဝယ်ချင် သလောက် ဝယ်နိုင်တဲ့ခေတ်ရောက်လာတယ်။ တယ်လီနောလည်း ဒီအတိုင်းပဲ။ မထွက်ခင်ကသာ မထွက်သေးဘူး လားလို့ တကြော်ကြော် အော်နေပေမယ့် ထွက်လည်း ထွက်ရော သူလည်း ပုံမှန်အတိုင်းလေး ပဲ အေးအေးဆေးဆေး ရောင်းနေတာပဲ တွေ့ရတယ်။

တယ်လီနော်နဲ့ အော်ရီဒူး SIM ကတ်တွေက တစ်ကတ်ကို ၁၅၀၀ ကျပ်နဲ့ ဝယ်လို့ရတယ်။ ဈေးကွက် စီးပွားရေးဆိုတော့ ဆိုင်တွေမှာ အပြိုင်အဆိုင် ဝန်ဆောင်မှုတွေ အပိုလိုက်ပေးကြတယ်။ ဘာပြောပြော ပဲပြုတ်သည်အစ၊ ဆိုက္ကားဆရာအဆုံး၊ တောရောမြို့ပါ ဖုန်းတွေကို သုံးချင်သလို ပေါများစွာ သုံးလာနိုင်တယ်ဆိုတာကိုတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပဲ။ တစ်ချိန်က ခေါင်းပုံဖြတ်၊ အမြတ်ကြီးစားပြီး ဈေးနှုန်းတွေ တင်ချင်တိုင်းတင်ထားတဲ့ လိုင်စင်ရ အစိုးရ ဆက်သွယ်ရေးဌာန ကြီးရဲ့ လုပ်ဆောင်ချက်တွေကိုတော့ သမိုင်းမှာ ဒီအတိုင်းပဲ ထားခဲ့လိုက်ကြရအောင်။

ပြောချင်တာက အင်တာနက်ကိစ္စ။ အင်တာနက်ကို သူကလွဲပြီး ဘယ်မှာမှ သုံးလို့မရတဲ့ခေတ်တစ်ခေတ်ကို ကျွန်တော် ကြုံဖူးတယ်။ အင်တာနက်သုံးနိုင်ဖို့ ငွေခြောက်သိန်းကျော်ရင်းလိုက်ရပြီး တစ်နှစ်သာ သုံးလိုက်ရတယ်၊ ပြဿနာ နှစ်ကြိမ် ရင်ဆိုင်ခဲ့ရတယ်။ တစ်ကြိမ်က ကိုယ်လစဉ်ကြေးသွင်းထားတာကို ကုမ္ပဏီက ငွေလက်ခံတဲ့ ကောင်မလေး ထွက်ပြေးသွားတာ သူတို့မှာ တာဝန်မရှိဘူးလို့ဆိုပြီး ငွေထပ် သွင်းခိုင်းတာ။ စဉ်းစားကြည့်ပါဗျာ။ ငွေလက်ခံထားတဲ့ ပြေစာလည်း ရှိတယ်၊ ငွေလည်း ပုံမှန်သွင်းလို့ အင်တာနက်ပုံမှန် သုံးနေရတာကို သုံးလလောက်နေမှ ငွေမသွင်းရသေးဆိုပြီး ဖြတ်ပစ်လိုက်တယ်။ စိတ်ပျက်လက်ပျက်နဲ့ အတော်လေးရှင်းပြီးတော့မှာ မီဒီယာတစ်ခုကို အကူအညီသွားတောင်းလိုက်လို့ သူတို့ဘက်ကလျှော့ ပေးလိုက်တယ်။

နောက်ပြဿနာတစ်ခုက တစ်နှစ်တိတိအကြာ နှစ်စဉ်ကြေးတွေလည်း သွင်းပြီးရော စက်ကပျက်တယ်။ စက်က မီးနီပဲလင်းနေ တယ် ဘာဖြစ်မှန်းမသိဘူးဆိုပြီး ကုမ္ပဏီကို သွားပြတော့ ကိုယ့်လိုလူတွေ တန်းစီနေတယ်။ သူတို့ ဖြေရှင်းချက်ကလည်း သင်းတယ်။ စက်ပျက်သွားပြီ၊ စက်က ခြောက်လပဲ ဝရမ်တီပေးတယ်၊ ဆက်ပြီး သုံးချင်ရင် ထပ်ဝယ်တဲ့ဗျာ။ စိတ်နာလွန်းလို့ တစ်နှစ်လောက် ပစ်ထားလိုက်ပြီး ဖုန်းနဲ့ပဲ အင်တာနက် ကို ငွေကုန်ခံပြီး သုံးနေခဲ့တယ်။

ကျွန်တော်တို့ဟာ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ လုပ်ဆောင်မှုတွေ၊ လက်ဝါးကြီးအုပ် မောင်ပိုင် စီးထားတဲ့ လုပ်ပိုင်ခွင့်တွေ၊ မျက်နှာသာပေးထားတဲ့ အခွင့်ထူးခံ ကုမ္ပဏီတွေရဲ့ လုပ်ချင်တိုင်းလုပ်၊ တောင်းချင် သလိုတောင်း၊ ပေးချင်သလိုပေးနေတဲ့ ဝန် ဆောင်မှုတွေကြားမှာ နှစ်ပေါင်းများစွာ ဖြစ်သလို နေထိုင် လုပ်ကိုင်နေကြရတော့ မြန်မာ့ အိုင်တီလောက မတိုးတက်ဘူး၊ ခေတ်နောက်ကျတယ်ပြောလည်း သည်းခံခွင့်လွှတ် နားလည်ပေးရတော့မှာပဲ။

ခုတော့ MPT ကိုပြိုင်ဖို့ အော်ရီဒူးနဲ့ တယ်လီနောဆိုတာ ပေါ်လာပြီ။ သူတို့ပြိုင်ဆိုင်မှုတွေကြောင့် ကျွန်တော်တို့လို သုံးစွဲ သူတွေမှာ ရွေးချယ်ခွင့်တွေ ရှိလာတယ်။ ဈေးကွက်ပြိုင်ဆိုင်မှုတွေကြားမှာ စားသုံးသူ အမြတ်ထွက်တယ်။ မြန်မာနိုင်ငံဟာ နှစ် ပေါင်းများစွာ ချုပ်ကိုင်ထားတဲ့ စီးပွားရေးခွင်ဖန်စနစ်ကြားထဲမှာ မလူးသာ၊ မလှုပ်သာဖြစ်ခဲ့ရတာက လက်လုပ်လက်စား ပြည်သူတွေပါ။ အစိုးရနဲ့ ပေါင်းစားနေတဲ့ ခရိုနီတွေ ကောင်းစားသွားပေမယ့် ပြည်သူတွေကတော့ သူတို့ပေးတဲ့ ဟောက်စား ဝန်ဆောင်မှုလောက် နဲ့ပဲ ကျေနပ်နေခဲ့ရတာ ကြာလှပါပြီ။

ခုလိုအပြိုင်အဆိုင် ဆက်သွယ်ရေးစနစ်တွေကို သုံးရမယ်ဆိုတော့ မနေ့ကပဲ အင်တာနက်သုံးဖို့ Router လေးတစ်လုံး သွားဝယ်လိုက်တယ်။ အင်တာနက်သီးသန့်သုံးဖို့ဆိုပြီး အော်ရီဒူးရော၊ တယ်လီနောရော နှစ်မျိုးစလုံး ကတ်တွေ ဝယ်ထားလိုက် တယ်။ တစ်ကတ်မကောင်း တစ်ကတ်ပြောင်းပြီး အင်တာနက်ကို သုံးနေရတာ စိတ်ချမ်းသာလှခြင်းပေါ့။ ကြီးကျယ်လှတဲ့ ကုမ္ပဏီမသွားဘဲ ဝန်ဆောင်မှုကို ခဲခြစ်တာနဲ့ပြီးနိုင်တဲ့ စနစ်သစ်ကို ပီတိဖြစ်နေရင်းက

ရှင်းနေတာကို ရှုပ်အောင်လုပ်ထားတဲ့စနစ် ကျဆုံးပါစေ၊
လက်ဝါးကြီးအုပ် ဆက်သွယ်ရေးစနစ် ကျဆုံးပါစေ၊
အင်တာနက်ကြီး ပိုမြန်ပါစေလို့သာ ကြွေးကြော်ပြီး တွေးအော်လိုက်ပါတယ်။

ဇော်ဗလ
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com