6/06/2017

♪ “Hack မခံဘဲ download ချမယ်” ♫

Image may contain: text

လူတွေဘာကြောင့် အင်တာနက်ကို စွဲလမ်းကြတာလဲ။ အင်တာနက်ကနေ အလကား ပဲတင်းရတာတွေရှိလို့ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ ဂိမ်းတွေ၊ သီချင်းတွေ၊ စာအုပ်တွေ၊ ရစရာတွေမှပွလို့။ အချို အချောင် ရစရာတွေကို အင်တာနက်သုံးတဲ့ လူတွေ တပ်မက်မှန်း ဟက်ကာတွေ ကသိတယ်။ ဒါကြောင့်လည်း အလကားပဲတင်းရစရာတွေကို တရားဝင် ပဲပေးလေသယောင် ပုံဖမ်းပြီး ဟက်ကာတွေက အချဉ်ကောင်တွေကို ထောင်ဖမ်းလေ့ရှိပါတယ်။ ရည်ရွယ်ချက်ကတစ်ခုပဲရှိပါတယ်။ အင်တာနက် သုံးစွဲသူရဲ့ device ထဲကို တိတ်တိတ်ကလေး ၀င်နိုင်ဖို့နဲ့ အထဲက အရေးကြီးသတင်းအချက်အလက်တွေ နှိုက်ဖို့ပါ။ ငွေကြေးနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အချက်အလက်တွေ ရရင်ထောပြီလေ။ ဒီတော့ကာ ညောင်ပင်မှာနား ညောင်သီးစားရင်း လေးသမား အသံလည်း နားထောင်ကြပါမယ်။ ကိုယ် download ချမယ့်ဖိုင်ဟာ အန္တရာယ်ကင်း၏။ မကင်း၏။ မသေချာဘူးဆိုရင် အဲဒီဖိုင်ကို virus total ကိုသုံးပြီး အရင်စစ် ပါမယ်။ virus total ဟာ www.virustotal.com မှာရှိပြီး သူက virus checker (တစ်နည်းပြောရ ရင် Antivirus) ၆၈ မျိုးနဲ့ စစ်ဆေးမှာမို့ အကောင်းဆုံး Antivirus တောင် သူ့လောက်မကောင်းနိုင်ပါဘူး။ စစ်ဆေးဖို့အတွက် ပထမဆုံး ကိုယ် download ချမယ့် ဖိုင်ရှိရာ web address ကို ယူရပါမယ်။ Download Link နေရာမှာ ညာကလစ် ထောက်ပါ။ ပြီးရင် ပေါ်လာတဲ့အကွက်ထဲက copy link address ကို ရွေးပါ။

ပြီးရင် Virus total website ထဲကို သွားပါ။ URL Tab နေရာမှာ ကလစ် နှိပ်ပါ။ ပြီးရင် ကိုယ် Copy ကူးထားတဲ့ လိပ်စာ ကို paste လုပ်ပေးပါ။ Search bar နေရာမှာ paste လုပ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် အောက်နားမှာမြင်နေရတဲ့ Scan it button နေရာမှာ ကလစ်နှိပ်ပေးပါ။ အဲဒီ URL ကို စစ်ဆေးပြီးရင် virus total က အစီရင်ခံစာတစ်စောင်ထုတ် ပေးပါမယ်။ အဲဒီထဲမှာ Detection ratio ဆိုတာ ပါမယ်။ အန္တရာယ် လုံးဝ မရှိတဲ့ website တစ်ခုရဲ့ detection ratio ဟာ "0" ဖြစ်ပါတယ်။ 1/68 ဆိုတဲ့ detection ratio တွေ့ရမယ်ဆိုရင် အဲဒီ website ရဲ့ စစ်မှန်မှုကို checker တစ်ခုက သံသယရှိတယ်ဆိုတဲ့သဘောဆောင်ပါတယ်။

Detection ratio အနည်းအပါးရှိတဲ့ ကိစ္စဟာ အမှန်အကန်ဖြစ်နိုင်သလို တလွဲအဓိပ္ပာယ်ကောက်မိတဲ့ false positive လည်း ဖြစ်နိုင်ပါတယ်။ Program အသစ်တစ်ခုဟာ ထွက်တာမကြာသေးဘူး။ virus checker ရဲ့ data base ထဲမှာ စာရင်းမ၀င် သေးဘူးဆိုရင် false positive ပြနိုင်ပါ တယ်။ Detection ratio အနည်းအပါးရှိတယ်ဆိုရင် download မချ သေးဘဲ ရက်နည်း နည်းစောင့်တာမမှားပါဘူး။ Virus Total ရဲ့ Checker တွေ Data Base Update လုပ်ပြီးတဲ့အခါ Rescan ပြန်လုပ်ကြည့်ပေါ့။ Virus Total ကို FireFox ရဲ့ Browser Extension အနေနဲ့ ရနိုင်ပါတယ်။ www.snipca.com/22517 ကနေ ယူရပါမယ်။ Chrome အတွက် Extension ကို www.snipca.com/22516 ကနေ ရနိုင်ပြီး IE အတွက် Extension ကို www.snipca.com/22518 ကနေ ရနိုင်ပါတယ်။ သက်ဆိုင်ရာ browser ကိုဖွင့်၍ website ကို သွားပြီး Install button ကို ကလစ်နှိပ်ပေးရပါမယ်။

Download မချခင်မှာ website အစစ်အမှန် ဟုတ်၊ မဟုတ် စစ်ဆေးကြည့် ဖို့ကလည်း အရေးကြီးပါတယ်။ သူ့ရဲ့ နောက်ကြောင်း ရာဇ၀င်ကို သိထား တာမမှားဘူး။ ဒီကိစ္စအတွက် အခမဲ့ရနိုင်တဲ့ URL Query ဆိုတဲ့ tool ကို သုံးနိုင်ပါတယ်။ သူ့ကို www.urlquery.net ကနေ ခိုင်းရမှာပါ။ သူက website ကို analyse လုပ်ပေးမယ်။ Malware ရှိ၊ မရှိပြောမယ်။ ရှောင်သင့် တဲ့ တခြားအကြောင်းအရာတွေ ရှိ၊ မရှိ ပြောပါမယ်။ ဒီ tool ကို သုံးဖို့ အတွက် ကိုယ်ဝင်ချင်တဲ့ website လိပ်စာကို ကူးယူပါ။ ပြီးရင် www.urlquery.net ကိုဝင်ပြီး profile URL bar မှာ paste လုပ်ပေးပါ။

ပြီးရင် Go နေရာမှာ ကလစ်နှိပ်ပါ။ Processing လုပ်နေပါတယ်ဆိုတဲ့ စာသားကို အနီရောင်စာသားအဖြစ် web page အသစ်ဖွင့်ပြီး လာပြ ပါမယ်။ စစ်ဆေးပြီး ရလဒ်လာပြဖို့အတွက် တစ်မိနစ် နှစ်မိနစ် ကြာနိုင် ပါတယ်။ ရလဒ်လာပြပြီဆိုရင် URI Query Alerts စာသားဘေးက box ကို ကြည့်ပါ။ Website က ဘေးကင်းတယ်ဆိုရင် No alerts detected ဆိုတဲ့ စာသားကို တွေ့ရပါမယ်။ ဘေးမကင်းဘူးဆိုရင် Alerts စာရင်းကို တွေ့ရ ပါမယ်။ Result Page ကို အစအဆုံးပြီးအောင် ဖတ်ပါ။ ဒုတိယ လက်နက် တစ်ခုအနေနဲ့ Google ရဲ့ Safe Browsing site status tool ကို သုံးနိုင် တယ်။ www.snipa.com/22523 မှာ ယူရမှာပါ။ ကိုယ်ဝင်ချင်တဲ့ Website ရဲ့လိပ်စာကို ကူးပြီး အဲဒီ tool ရဲ့ status search bar မှာ ရိုက်ထည့် ပေးရပါမယ်။ အဲဒီ လိပ်စာကို Google ရဲ့ နာမည်ပျက် Website စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပါမယ်။ စိတ်မချစရာ ပြဿနာတွေကို current status section မှာ လာပြစေချင်ပါတယ်။ စိတ်ချရတဲ့ Website ဆိုရင် Not Dangerous ဆိုတဲ့ စာသားကို တွေ့ရပါမယ်။

Pup လို့ခေါ်တဲ့ Potentially Unwanted Program တွေလည်း download ချရာမှာ တွဲပြီးပါလာတတ်တဲ့ software တွေဖြစ်ပါတယ်။ Download ချပြီးသား program တစ်ခုကို install လုပ်တဲ့အခါမှာ pup တွေကို သိသိသာသာတွေပဲဖြစ်ဖြစ်၊ မသိမသာဘဲဖြစ်ဖြစ် ထိုးထည့်ပေးတတ် ပါတယ်။ အမှတ်တမဲ့ install လုပ်တတ်တဲ့သူတွေဆိုထိပြီ။ သတိထား တတ်ရင်တော့ pup တွေ ပါမလာအောင် ဖယ်ထုတ်လို့ ရပါတယ်။ Pup တွေဟာ Malware တွေလို၊ Virus တွေလို ဆိုးသွမ်းသလား။ အဲဒီလောက် တော့ မဆိုးသွမ်းပါဘူး။ ကျွန်တော်ကြုံဖူးတဲ့ pup တွေက Game နဲ့ Software ရောင်းဖို့ ကြော်ငြာတဲ့ဟာမျိုးတွေပါ။ ခဏ ခဏကြော်ငြာ ထိုးတော့ စိတ်ကသိကအောက်ဖြစ်ရပါတယ်။ ဒါကြောင့် Download ချတဲ့အခါမှာ bonus program ဆိုတာမျိုးတွေ၊ browser extension ဆိုတာမျိုးတွေ ကိုယ့်ကွန်ပျူတာထဲမှာ အဓမ္မနေရာမယူအောင် သတိထား ရပါမယ်။

ဒီလိုကိစ္စအတွက် အထောက်အကူရနိုင်တာက Unchecky ပါ။ သူ့ကို www.unchecky.com ကနေ download ချပြီး သုံးနိုင်ပါတယ်။ download ဆိုတဲ့ လိမ္မော်ရောင် button မှာ ကလစ်နှိပ်ပါ။ ပြီးရင် setup file ကို ကလစ်နှစ်ချက်နှိပ်ပြီး install လုပ်ပါ။ ဒီ software တင်ပြီးတဲ့ အချိန်ကစပြီး download ယူတဲ့ website တွေထဲက အမှန်ခြစ်ပေါ်အောင် လုပ်ထားတဲ့နေရာ တွေကို Default အနေနဲ့ အမှန်ခြစ် ဖြုတ်ပေးပါမယ်။ Checky ဟာ software installation လုပ်တဲ့နေရာမှာ ပါလာမယ့် pup တွေကို ပိတ်ဆို့ပေးပါတယ်။ ဒါပေမယ့် unhecky ကိုလည်း ပုံပြီးအားကိုး ဖို့လည်း မသင့်ပါဘူး။ သူဟာ software ဖြစ်လို့ ချို့ယွင်းချက်၊ အားနည်းချက် တချို့လည်းရှိပါတယ်။ ဒါကြောင့် download ချတဲ့အခါ တိုင်း၊ installation လုပ်တဲ့အခါတိုင်းမှာ option တွေကို ကိုယ်တိုင်ဖတ်ပြီး မပြတ်မလပ်တဲ့ သတိတရားနဲ့ဝင်ပြီး ထိန်းပေးမယ်ဆိုရင် ပိုပြီးပြည့်စုံ ကောင်းမွန်တဲ့ရလဒ်ကို ရပါမယ်။

နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com