11/29/2016

♪ “OPPO F1s” ♫


စမတ်ဖုန်းဈေးကွက်ထဲတွင် နိုင်ငံများစွာမှအမှတ်တံဆိပ်မျိုးစုံတို့သည် သူတို့၏ ဟန်းဆက်များပိုမိုရောင်းချနိုင် ရန်၊ ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရန် နည်းလမ်း အမျိုးမျိုးဖြင့် ဆောင်ရွက်နေကြပါသည်။ ပြည်တွင်းဈေးကွက် ထဲတွင် ရောင်းချပေးနေ သောစမတ်ဖုန်းအများစု အခြေပြုရာနိုင်ငံကတော့ တရုတ် နိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံထုတ်ဟန်းဆက်များသည် ရွေးချယ်စရာ များပြားပြီး၊ ဈေးနှုန်းအမျိုးမျိုးရှိသောကြောင့် သုံးစွဲ သူအများစုအတွက် အဆင်ပြေစေပါသည်။ ပြည်တွင်းဈေးကွက်ထဲတွင် အချိန်တိုအတွင်း လူသိများ ထင်ရှားခဲ့သော အမှတ်တံဆိပ်တစ်မျိုးကတော့ OPPO ဖြစ်ပါသည်။

အခုအခါ OPPO ဖုန်းများကို သုံးစွဲသူ အများစုက ကင်မရာဖုန်းအဖြစ် အသိများကြပါ သည်။ OPPO ဟာ သုံးစွဲသူများ၏ လိုအပ်ချက်များကို စူးစမ်းလေ့လာ၍ သူ၏ဖုန်း များတွင် အကောင်းဆုံး စွမ်းရည်များကိုထည့်သွင်းပေးထားခြင်း ဖြစ်ပါသည်။ OPPO ရဲ့ လူသိများသည့် အစောပိုင်းဖုန်းတစ်လုံး ကတော့ N1 ဖြစ်ပါသည်။ ကင်မရာကို လှည့်လည်သုံးစွဲနိုင်သည့် အဆိုပါဖုန်းဟာ သုံးစွဲသူ များ၏ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး၊ အထူးသဖြင့် မည်သည့်အနေအထားမှပင် ဓာတ်ပုံရိုက်ကူးပါစေ ကင်မရာစွမ်းရည်တူညီသောကြောင့် ဓာတ်ပုံရိုက်ခြင်းကို ခုံမင်သူများ (Selfie ပုံများရိုက်ကူးခြင်းကို ၀ါသနာပါသူများ) အကြိုက် တွေ့ခဲ့ ပါသည်။ အရွယ်အစားသေးငယ်သော ဖုန်းကိုသုံးချင်သူများ အတွက်လည်း OPPO ဟာ N1 mini ကို ထုတ်လုပ်ရောင်းချခဲ့ပါသေးသည်။

ရှေ့နောက်လှည့်လည်နိုင်သော ဟန်းဆက်ကို နှစ်သက်သူများအတွက် OPPO ဟာ ပိုမိုကောင်းမွန်သော နောက်ထပ်မျိုးဆက်သစ်ဖုန်းကို N3 ဟုအမည် မှည့်ခေါ်၍ ထပ်မံထုတ် လုပ်ခဲ့ပါသေးသည်။ N3 တွင်ကင်မရာကို လှည့်လည် သုံးစွဲနိုင်မှုအပိုင်းဟာ ပိုမိုအဆင့်မြင့်ပြီး ကောင်းမွန်လာပါသည်။ ထို့နောက် ပိုင်းတွင် OPPO သည် ဈေးနှုန်း သင့်တင့်သောဟန်းဆက်များကို မိတ်ဆက် ရောင်းချခဲ့ပါသည်။ OPPO မှ ယခုနောက်ဆုံးရောင်းချ ပေးထားသော ဟန်းဆက်ကတော့ F1s ဖြစ်ပါသည်။ နောက်ထပ်ဟန်းဆက်သစ်တစ်မျိုး ကိုလည်း မကြာမီ ရောင်းချပေးနိုင်ဖို့ ဆောင်ရွက်နေပါသည်။OPPO ဟာ F Series ဟန်းဆက်များကို ထုတ်လုပ်ရောင်းချပေးထားပါသည်။ OPPO F1 ကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလက မိတ်ဆက်ပေးထားပြီး၊ မျက်နှာပြင်အကျယ် 5 inches ရှိကာ၊ Gorilla Glass 4 တပ်ဆင်ပေးထားပါသည်။ အဓိကကင်မရာမှာ 13MP, f/2.2 စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 8MP, f/2.0 စွမ်းရည် ရှိပါသည်။ ROM ပမာဏ 16GB နှင့် RAM ပမာဏ 3GB ပါရှိပါသည်။ Octa Core CPU စွမ်းရည်နဲ့ဖုန်းကို သုံးစွဲနိုင်မှာဖြစ်ပြီး၊ အားသွင်းရမည့် ဘက်ထရီ အမျိုးအစားကတော့ Li-Po 2500 mAh ဖြစ်ပါသည်။ F1 Plus ကိုတော့ ၂၀၁၆ ခုနှစ်၊ မတ်လမှာမိတ်ဆက်ပေးထားပြီး၊ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်း ကတော့ 5.5 inches ရှိကာ၊ Gorilla Glass 4 တပ်ဆင်ပေးထားပါသည်။ အဓိက ကင်မရာမှာ 13MP,f/2.2 စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 16MP, f/2.0 စွမ်းရည်ရှိပါသည်။ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏ 64GB ပါရှိကာ၊ RAM ပမာဏ 4GB ထည့်သွင်းပေးထားပါသည်။ Octa Core CPU နှင့် Li-Po 2850 mAh ဘက်ထရီတို့ တပ်ဆင်ပေးထားပါသည်။

OPPO F1s ကို တော့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာမိတ်ဆက်ပေးထားခြင်း ဖြစ်ပါသည်။ ပြည်တွင်းမှာ ပင်ခမ်းခမ်းနားနားမိတ်ဆက်ခဲ့ပြီး၊ အဆိုပါ ဖုန်းကို Selfie Expert လို့ ညွှန်းဆိုထားပါသည်။ F1s ရဲ့ ဖုန်းကိုယ်ထည်ဟာ ကိုင်ဆောင် အသုံးပြုသည့်အခါတွင် ပေါ့ပါးမှုရှိပါသည်။ ဖုန်း၏ဘေးဘောင် အနားသတ်ဟာ လှပပြီး၊ ကိုယ်ထည်ရဲ့ထောင့်စွန်းများသည် အ၀န်းအ၀ိုက် ပုံစံရှိပါသည်။ ဖုန်း၏ ဘေးတစ်ဖက်တွင်ပါဝါခလုတ်ကို တပ်ဆင်ပေးထားပြီး၊ အခြားတစ်ဖက်တွင် အသံအတိုး၊ အကျယ်ခလုတ်ကိုတပ်ဆင်ပေးထား ပါသည်။ အောက်ဘက်မှာတော့ home button ဟာ သတ္တုအနားသတ်ဖြင့် ကျယ်ပြန့်စွာနေရာယူထားပါသည်။အဓိက ကင်မရာသည် ဖုန်း၏ အနောက်ဘက် ထောင့်စွန်းတွင် အ၀ိုင်းပုံစံတည်ရှိပြီး၊ ဘေးဘက်မှာတော့ Flash မီးက နေရာယူထားပါသည်။ ဆင်းကတ်နှင့် SD Card ထည့်သုံးရမည့် နေရာကတော့ ပါဝါခလုတ်၏အပေါ်ဘက်တွင် တည်ရှိပါသည်။ ဖုန်း၏ အောက်နားဘောင်တွင် နားကြပ်ပေါက်၊ USB ပေါက်နှင့် စပီကာတို့ကို နေရာပေးထားပါသည်။ 2G, 3G, 4G Network အထောက်အပံ့ ပေးစွမ်းမည့် ဖုန်း ဖြစ်ပြီး၊ ဆင်းကတ်နှစ်ကတ်နှင့် SD Card တစ်ပြိုင်တည်းထည့်သွင်း သုံးစွဲနိုင်ပါမည်။ အသုံးပြု ရမည့် ဆင်းကတ်အမျိုးအစားကတော့ Nano Sim ဖြစ်ပါသည်။ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 154.5 x 76 x 7.4 mm ဖြစ်ပြီး၊ အလေးချိန်မှာ 160g ရှိပါသည်။ ဖုန်းမျက်နှာပြင်အတွက် IPS LCD capacitive touchscreen ကို အသုံးပြုပေး ထားပြီး၊ မျက်နှာပြင် အကျယ်အ၀န်းကတော့ 5.5 inches ရှိပါသည်။

F1s ရဲ့ မျက်နှာပြင်ဟာ ကျယ်ပြန့်သည့်အမျိုးအစားဖြစ်သောကြောင့် ဖုန်းကိုအသုံးပြုသည့်အခါတွင် မြင်ကွင်း ရသပိုင်းအတွက် အဆင်ပြေစေမှာ ဖြစ်ပါသည်။ ပုံရိပ်များဖော်ပြသည့်အခါတွင် လည်း ကြည်လင်စေရန် 720x1280 pixels ပမာဏဖြင့် ထောက်ပံ့ပေးထားပါသည်။ တစ်လက်မမှာရှိ မည့် pixel ပမာဏ သိပ် သည်းဆကတော့ 267ppi ပါ။ ဖုန်းမျက်နှာပြင် အကြမ်းခံ နိုင်စေဖို့အတွက်လည်း Gorilla Glass 4 ဖုံးအုပ်ပေးထားပါသေး သည်။ လက်ဗွေရာဖတ်စနစ်အသုံးပြုမှုတွင်ကျယ်နေခြင်းကြောင့် OPPO သည် F1s တွင်လည်း Fingerprint စနစ် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားပါ သည်။ အလွန်မြန်ဆန်သော 0.22s ဖြင့်ဖုန်းကို unlock လုပ်နိုင်မှာဖြစ်ပါသည်။
F1s ရဲ့အဓိက ကင်မရာမှာ 13MP,f/2.2 စွမ်းရည်ရှိပြီး၊ ညဘက် ရိုက်ကူးသည့် အခါ အံ့အားသင့်ဖွယ်လှပသော ပုံရိပ်များကို ပေးစွမ်းမှာဖြစ်ပါသည်။ Ultra HD, GIF, Double Exposure, Expert Mode, Various Filters စသဖြင့် မိမိလိုချင်သလို ချိန်ညှိရိုက်ကူးနိုင်ပါသည်။ F1s ရဲ့ ထူးခြားမှုဖြစ်သော ရှေ့ကင်မရာငယ်ရဲ့စွမ်းရည်မှာ 16MP,f/2.0 ဖြစ်ပါသည်။ အဆိုပါ စွမ်းရည် သည်အချို့သော စမတ်ဖုန်းကောင်းများ၏ အဓိကကင်မရာစွမ်းရည်နဲ့ တူညီပါသည်။ အရှေ့ဘက်ကင်မရာငယ်ဖြင့် ရိုက်ကူးသည့် အခါတွင်လည်း အလင်းစနစ်ကို ချိန်ညှိရိုက်ကူးနိုင်ပါမယ်။ အရှေ့ဘက်ကင်မရာငယ်အတွက် GIF,Various Filters နှင့် Double Exposure စနစ်တို့ကိုထည့်သွင်းပေးထားပါ သည်။

အရှေ့ဘက်ကင်မရာငယ်ကို အသားပေးတီထွင်ပေးထားခြင်းကြောင့် ပုံများ ရိုက်ကူးသည့်အခါ ပိုမိုတောက်ပပြီး၊ အသေးစိတ်ကျလှပစေရန် Beautify 4.0 ကို ထည့်သွင်းပေးထားပါသေးသည်။ ပုံမှန် ရိုက်ကူးနိုင်ရုံသာမက တို့ထိခြင်း၊ အသံပေးခြင်း၊လက်ဝါးထောင်ပြခြင်းတို့ဖြင့်ပါ ဓာတ်ပုံများရိုက်ကူးနိုင်ပါမည်။ ဖုန်းကိုကြည့်၍ cheese ဟုအသံပြုပါက ပုံများ ရိုက်ကူးပေးမှာဖြစ်ပါသည်။ ဓာတ်ပုံရိုက်ကူးရန်အတွက်အချိန်ကိုလည်း 3s, 5s, 8s စသဖြင့် ကြိုက်နှစ်သက် သလိုအချိန်ပေးထားနိုင်ပါသည်။ ပုံများကို Standard, Rectangle, Full Screen စသဖြင့် နှစ်သက်သလို မှတ်တမ်းတင်နိုင်ပါသည်။ သိမ်းဆည်းမှု အပိုင်းတွင်လည်း Normal save နှင့် Flip save ဆိုပြီးရွေးနိုင်ပါသေးသည်။ Double Exposure စနစ်သည် ပုံနှစ်ပုံကိုပေါင်းစပ်ပေးသောကြောင့် ဆန်းသစ် သောပုံစံဖြင့် ဓာတ် ပုံရိုက်လိုသူများအကြိုက်တွေ့ပါလိမ့်မည်။ Video ရိုက်ကူး နိုင်မည့် စွမ်းရည်မှာ 1080p ဖြစ်ပြီး၊ နှုန်းမှာတစ်စက္ကန့်ကို 30frames ဖြစ်ပါသည်။

အသုံးပြုနိုင်မည့် Android version ကတော့ 5.1 ဖြစ်ပါသည်။ OPPO ရဲ့ Color OS 3.0 နဲ့တွဲဖက်သုံးရမှာဖြစ်ပါသည်။ ထည့်သွင်းပေးထားသော chipset အမျိုးအစားကတော့ Mediatek MT6750 ပါ။ CPU ရဲ့ စွမ်းရည်မှာ Octa Core 1.5GHz Cortex-A53 ဖြစ်သောကြောင့် ဖုန်းသုံးစွဲသည့်အခါတွင်လျင်မြန် သည့်တုံ့ပြန်မှုများကို ရရှိနိုင်ပါသည်။ ထည့်သွင်းပေးထားသော GPU ကတော့ Mali-T860MP2 ဖြစ်ပါသည်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး၊ ဖုန်းတွင်း မှတ်ဥာဏ်ပမာဏအဖြစ် 32GB ပါရှိအောင် ဆောင်ရွက်ပေးထားပါသည်။ ထိုပမာဏဟာ အချက်အလက်အများအပြား သိမ်းဆည်းရန် လုံလောက်သော်လည်း အချို့သောသူများအနေဖြင့် မှတ်ဥာဏ် ပမာဏကိုချဲ့ထွင်သိမ်းဆည်းလိုကြပါသည်။ ထိုအတွက်လည်း Card slot စနစ်သုံးစွဲနိုင်အောင် လုပ်ဆောင်ပေးထားပြီး၊ အများဆုံးတိုးချဲ့နိုင် မည့် မှတ်ဥာဏ်ပမာဏကတော့ 128GB အထိဖြစ်ပါသည်။ F1s တွင် Virus Scanner စနစ်ပါရှိသောကြောင့် ဖုန်းကိုလုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါမည်။ သုံးစွဲသူ၏ မျက်လုံးကိုအကာအကွယ်ဖြစ်အောင်လည်း Eye Protection စနစ် ထည့်သွင်းပေးထားပါသေးသည်။ ဖုန်း၏ မျက်နှာပြင်တွင် O ပုံစံ၊ V ပုံစံများ ရေးဆွဲ၍ မိမိလိုချင်သောစနစ်ကို တိုက်ရိုက်ဖွင့်သုံးစွဲနိုင်မည့် Gesture & Motion စနစ်လည်း ပါရှိပါသည်။ Bluetooth version ကတော့ 4.0 ပါ။ အားသွင်းရမည့် ဘက်ထရီအမျိုးအစားမှာ Li-Po 3075 mAh ဖြစ်သောကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာ သုံးစွဲနိုင်ပါမည်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ “အွန်လိုင်းမှာသုံးဖို့ ဖိုင်တွေချုံ့မယ်” ♫


Storage medium (ပြောရရင် မင်မိုရီစတစ်)တွေ ဈေးကျလာလို့ ဖိုင်တွေကို အရွယ်အစားအကြီးအသေးမရွေး ကျွန် တော်တို့အိတ်ထဲ ထည့်လာနိုင်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းအချင်းချင်း အွန်လိုင်းကနေ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ app တွေ Share မယ်ဆိုရင်ဖြင့် ဖိုင်အရွယ်အစားကြီးခြင်း သေးခြင်းက စကားပြော လာပါတယ်။ အွန်လိုင်းပေါ်ကို data အတင်အချလုပ်ရင် data ပမာဏအလိုက် ပိုက်ဆံပေးရတဲ့စနစ်ကလာပြီကိုး။ နောက်ပိုင်း Wi-Fi အင်တာနက်တွေ ဘာတွေလာရင် data အတွက် ကုန်ကျစရိတ်က ပြောပ လောက်မှာမဟုတ်တော့ဘူး။ ဒါပေမယ့် အွန်လိုင်းကနေ တစ်နေရာရာကို ပို့တဲ့အခါမှာ ဖိုင်အရွယ်အစား ကြီးရင် ကြီးသလောက် အချိန်ယူဦးမှာပဲ။ 

အချိန်မကြာအောင် 4G သုံးမယ်လေ။ စိတ်ကူးမယဉ်ပါနဲ့ဗျာ။ 3G ဆိုတာ တောင် 1Mbps အမြန်နှုန်း အောက်မကျဘဲ တောက်လျှောက်ပေးနိုင်လို့လား။ ကွန်ပျူတာသီးသန့် အင်တာနက်လိုင်းကတော့ ယောင်လို့တောင်မှ မစဉ်းစား နဲ့။ အခု လော လောဆယ်မှာ ကျွန်တော်ဘုရားစူး 4G သုံးနေပါတယ်။ တစ်ချက် တစ်ချက် 1Mbps အမြန်နှုန်းကို ဖျတ်ကနဲမြင်ရတတ်ပါတယ်။ ဒါလောက်ပါပဲ။ အဲဒီတော့ ကိုယ့်မင်မိုရီစတစ်ထဲမှာ data တွေ ပိုပြီး ထည့်နိုင် အောင် အွန်လိုင်း data သုံးခသက်သာအောင်၊ တခြားတစ်နေရာကိုအွန်လိုင်း က ပို့တဲ့အခါမှာ မြန်ဆန်အောင်ဖိုင်အရွယ် အစားချုံ့ကြပါမယ်။
ဖိုင်အရွယ်အစား ချုံ့တာက ဟုတ်ပါပြီ။ ပုံရိပ်ဖိုင်တွေ သီချင်းဖိုင်တွေက ဖိုင်အရွယ်အစားသေးလေ၊ အရည်အသွေးညံ့လေ မဟုတ်လား။ မပူပါနဲ့ အရည်အသွေးမကျစေဘဲ ဖိုင်အရွယ်အစားကို ရသလောက်ချုံ့ပေးမယ့် File optimizer app ရှိတယ်။

သူ့ရဲ့ ထူးခြားချက်က ဖိုင်အမျိုးအစားပေါင်း (၂၇၅)မျိုးအထိ အရွယ်အစား ချုံ့ပေးနိုင်တာဖြစ်ပါတယ်။ User interface ကလည်း အင်မတန်ရှင်းပါတယ်။ အရွယ်အစားချုံ့ချင်တဲ့ ဖိုင်တွေကို drag and drop နည်းနဲ့ app Window ထဲ ဆွဲချပြီး အလုပ်လုပ်နိုင်ပါတယ်။ ဖိုင်ရဲ့ Extension တွေကို သူကသိတဲ့အတွက် အလုပ်လုပ်တဲ့နေရာမှာလည်း အမှားအယွင်းမရှိပါဘူး။Music ၊ Video ၊ image နဲ့ document ဖိုင်အတော်များများကို အရွယ်ချုံ့ပေးနိုင်ပါတယ်။ ဖိုင်အရွယ် အစား ချုံ့တဲ့အခါမှာ Optimize all file နေရာမှာ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ကိစ္စ ပြီးပါတယ်။ www.bit.ly/optimizer406 ကနေ download ဆွဲချပြီး သုံးနိုင်ပါ တယ်။


Windows XP ကနေ Windows 10 အထိ အလုပ်လုပ်ပါတယ်။ download ဖိုင် အရွယ်အစားက 35 Mb လောက်ပဲရှိပေမယ့် ကွန်ပျူတာထဲမှာ ဖြန့်ချတဲ့အခါ 100 Mb ကျော်အရွယ်ရှိပါတယ်။ အဲဒါကိုက သူ့ရဲ့ဖိုင်ချုံ့ နည်းပညာအစွမ်း ကို ပြနေတာဖြစ်ပါတယ်။ ဖိုင်ချုံ့တဲ့အခါ သတိထားရမှာ တစ်ချက်ပဲရှိပါတယ်။ မူရင်းဖိုင်ရဲ့ attribute တွေကို ဆက်ပြီးထိန်းထားဖို့ ဖြစ်ပါတယ်။ ဖိုင်တစ်ခုရဲ့ properties ကို ခေါ်ယူလိုက်တဲ့အခါ အဲဒီ ဇယားကွက် ထဲမှာ ပြထားတဲ့အချက်အတော်များများဟာ (ဥပမာ- read only) file attribute ဖြစ်ပါတယ်။ကောင်းပြီဗျာ။ ဖိုင်ကို download ဆွဲချ install လုပ်ပြီး ဖွင့်လိုက်ပါမယ်။ User interface ထဲမှာ အသုံးချတဲ့နေရာ နှစ် နေရာပဲ ရှိပါတယ်။ အဲဒါက File Menu နဲ့ Optimize menu ဖြစ်ပါတယ်။ File Menu မှာက ချုံ့မည့်ဖိုင်တွေထည့်ပေးတာ၊ ချုံ့ပြီး သားဖိုင်စာရင်းကို ရှင်းတာ၊ ချုံ့ပြီးသားဖိုင်တွေရှိတဲ့နေရာကို သွားဖွင့်တာတွေအတွက် သုံးပါတယ်။

Optimize Menu ကတော့ Optimization လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ရွေးချယ်ခွင့် တွေယူတဲ့နေရာဖြစ်ပါတယ်။ App Window ထဲမှာ ညာကလစ် ထောက် လိုက်ရင် ဇယားကွက်တစ်ခုပေါ်လာပါမယ်။ အဲဒီဇယားကွက်ထဲမှာ File Menu နဲ့ Optimize menu ကို တစ်ပေါင်းတည်း တွေ့ရပါမယ်။


အရွယ်ချုံ့ ချင်တဲ့ဖိုင်တွေကို File>Add files ဒါမှမဟုတ် right click> Add files ဒါမှမဟုတ် drag and drop နည်းနဲ့ File Optimizer ထဲကိုပို့နိုင်ပါတယ်။ Format မတူတဲ့ ဖိုင်အတော်များများကို Add လုပ် ပြီး တစ်ချိန်တည်းမှာ အရွယ်အစားချုံ့နိုင် ပါတယ်။ သူ့ဟာသူ ချုံ့လိမ့်မယ်။ ကိုယ်ဝင်ပါစရာမလို ဘူး။ Add လုပ်ထားတဲ့ဖိုင်တစ်ခုကို preview ကြည့်ချင်ရင် ဘယ်ကလစ် နှိပ်ပြီးဖွင့်ကြည့်နိုင်တယ်။ Add လုပ်ပြီးသား ဖိုင်တွေထဲက ပယ်ပစ်ချင်တာတွေ ကိုရွေး၊ ညာကလစ်ထောက်ပြီး Remove selected file ကိုလုပ်နိုင်ပါတယ်။ Shift + delete နှိပ်ပြီး ဖယ်နိုင်တယ်။ Clear all files (Ctrl + delete) နဲ့ ဖယ်ပြီး ဖိုင်စာရင်းအသစ်ပြန် ထည့်နိုင်ပါတယ်။ ကိုယ့်ဖိုင်ဘယ် folder ထဲမှာရှိသလဲ သိချင်ရင် အဲဒီဖိုင်ပေါ်မှာ ညာကလစ်နှိပ်ပြီး Open Containing folder ကို ခေါ်ကြည့်နိုင်ပါတယ်။

ကောင်းပြီဗျာ။ ချုံ့မယ့်ဖိုင်တွေထည့်ပြီးပြီ။ သေချာပြီဆိုရင် ညာကလစ် တစ်ချက်ထောက်ပြီး Optimize all files မှာ ကလစ်တစ်ချက်နှိပ်ပါမယ်။ App Window ရဲ့ အောက်ခြေမှာ အစိမ်းရောင်လိုင်းတန်းတစ်တန်းပေါ်လာပြီး သူ့ဘေးမှာ process status ကို မြင်နေရပါမယ်။ ချုံ့ပြီးသွားတာနဲ့ တစ်ပြိုင် နက် ဖိုင်အသစ်ဟာ မူရင်းဖိုင်ရဲ့ ရာခိုင်နှုန်းဘယ်လောက်ပဲ ရှိတယ်ဆိုတာ လာပြပါမယ်။ Hard disk ပေါ်တင်ထားတဲ့ဖိုင်ကို ချုံ့မယ်ဆိုရင် မူရင်းဖိုင်ကို Recycle bin ထဲ ပို့ပါမယ်။ မူရင်းဖိုင်ရဲ့မူလနေရာမှာ ချုံ့ပြီးသားဖိုင်ကိုပဲ တွေ့ရပါမယ်။ မူရင်းဖိုင်ကို Recycle bin ထဲကနေယူပြီး ပြန်သိမ်းထားနိုင် ပါတယ်။ မင်မိုရီစတစ်နဲ့ မင်မိုရီကတ် ပေါ်က ဖိုင်တွေကိုချုံ့ရင်တော့ မူရင်းဖိုင် ကို Recycle bin ထဲ မပို့ပါဘူး။ ဒါကြောင့် မူရင်းဖိုင်ကို သိမ်းချင်သူတွေက တစ်နေရာမှာ သီးခြားသိမ်းထားသင့်ပါတယ်။ ချုံ့ဖို့ရည်ရွယ်တဲ့ဖိုင်တွေ သီးခြား folder မှာထည့်ပြီး ချုံ့သင့်ပါတယ်။

Hard drive ပေါ်က ဖိုင်တွေကိုချုံ့မှာဖြစ်ပြီး မူရင်းဖိုင်ကို မသိမ်းချင်သူတွေက Optimize menu ကိုဖွင့်ပြီး အောက်ဘက် မှာ မြင်နေရတဲ့ Do not use recycle bin ဘေးကအကွက်မှာ အမှန်ခြစ်ပေါ်အောင် ကလစ်နှိပ်ရပါမယ်။ Keep file attribute မှာလည်း ကလစ်နှိပ်သင့်ပါတယ်။ Optimize Menu အောက်မှာ options ရှိတယ်။ သူ့ကိုရွေးရင် General appearence နဲ့ file format tab တွေကိုတွေ့ရပါမယ်။ General tab အောက်က Optimization Level မှာ default အနေနဲ့ 5: Normal ပေးထားတယ်။ အလုပ်လုပ်တာလည်း မြန်စေ၊ ဖိုင်အရွယ်အစားလည်း တန်သလောက်ကျုံ့စေဆိုတဲ့ သဘောပါ။ အရွယ်အစား အများဆုံး ကျုံ့စေချင်ရင် 9: best ကို ရွေးသင့်ပါတယ်။ Process priority မှာ default အနေနဲ့ idle ပေးထားတယ်။ Resource တန်သ လောက်သုံးပြီး အလုပ်မြန်မြန်ပြီးစေချင်ရင် Normal မှာ ထားသင့်ပါတယ်။ Exclude Mask ကတော့ မပါစေချင်တဲ့ဖိုင်တွေကို စစ်ထုတ်ဖို့ဖြစ်ပါတယ်။ 


Appearance tab ကတော့ user interface ကို ဘယ်လိုပုံစံနဲ့ မြင်ချင်တာ လည်း ရွေးချယ်ဖို့ပါ။ File format တွေက တစ်ခုချင်းအလိုက် စွမ်းဆောင်ချက် တွေရှိပါတယ်။ Dpi အရွယ်လျှော့ပြီးချုံ့ချင်ရင် ရွေးချယ်ခွင့်ရှိပါတယ်။

ဥပမာပြောရရင် မူလက 150 dpi ရှိတဲ့ PDF ဖိုင်တစ်ခုကို 72 dpi ဖြစ်အောင် down sampling လုပ်တာမျိုး ဖြစ်ပါတယ်။ MP3, JPEG, PNG တွေမှာဖြင့် ဖိုင်တွေ Compress လုပ်တဲ့အခါမှာ Copy metadata ကို ရွေးခွင့်ပေးပါတယ်။ ကျွန်တော်လက်တွေ့သုံးကြည့်တော့ 17 Mb အရွယ်ရှိပြီး 150 dpi resolution ရှိတဲ့ဖိုင်ကို 9:best နဲ့ compress လုပ်ရာမှာ အချိန်သုံးမိနစ်ကြာပြီး မူရင်းဖိုင် ရဲ့(၇၃%)ထိ အရွယ်ချုံ့ပေးပါတယ်။ ဖိုင်အရည်အသွေးကျဆင်းမှုက မမြင်သာ ပါဘူး။ အွန်လိုင်းမှာ ဖိုင်တွေနဲ့အလုပ်လုပ်နေရသရွေ့ File Optimizer ကို သုံးသင့်ပါတယ်။

နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ " Windows ထဲမှာ ဒါတွေကို လဲသင့်တယ် " ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ) ♫


ကွန်ပျူတာ OS လောကမှာ Windows က အထင်ကရဖြစ်တာ မှန်ပါရဲ့။ ဒါပေမဲ့ Windows 10 အဆင့်ရောက်တဲ့အထိ သူ့ထဲမှာ ညံ့မြဲညံ့ဆဲအစိတ်အပိုင်းကို တွေ့နေရပါသေးတယ်။ အဲဒီအစိတ်အပိုင်းတွေ အတွက် အစားထိုးလဲလှယ်ပြီး သုံးစွဲနိုင်တဲ့ Third party app တွေလည်း ထွက်နေပါပြီ။ ဖြစ်နိုင်ရင် Windows ထဲက အဲဒီအစိတ်အပိုင်းတွေ ပိုကောင်းတဲ့ဟာတွေနဲ့ လဲလှယ်ပြီး သုံးစွဲသင့်ပါတယ်။ လဲလှယ်ပစ်သင့်တဲ့ Windows အစိတ်အပိုင်းတွေကို ဒီလိုတွေ့ရပါမယ်။

File Explorer
နာမည်မျိုးစုံအပြောင်းခံရပြီး ခုထက်ထိ မစွံတဲ့အထဲမှာ File explorer ပါပါတယ်။ Windows 3.1 မှာတုန်းက သူ့ကို File Manager တဲ့ Windows XP မှာကျတော့ Windows Explorer ဆိုပြီး ဖြစ်လာတယ်။ အခုထွက်ထားတဲ့ Windows 10 မှာ File Explorer ပါတဲ့။ နာမည်တွေ ဘယ်လိုပဲပြောင်းပြီးခေါ်ခေါ် Windows ထဲမှာ အဆင်သင့်တွဲထည့်ပေးလိုက်တဲ့ File Explorer ဟာ အဓိကကျတဲ့နေရာအတော်များများမှာ အရည်အသွေးညံ့ပါတယ်။ ဘာကြောင့်အရည်အသွေးညံ့တယ် ပြောရပါသလဲ။


နမူနာပြရရင် File Explorer ဟာ Tab တွေဖွင့်ပြီး အလုပ်လုပ်နိုင်စွမ်း မရှိပါဘူး။ ပြီးတော့ Pane နှစ်ခုကို တစ်ပြိုင်တည်းပြနိုင်စွမ်း မရှိပါဘူး။ သူ့ကိုအစားထိုးမယ်ဆိုရင် ပိုပြီးကောင်းတဲ့ Free Commander Software ရှိပါတယ်။ Free Commander tab တွေသုံးနိုင်တယ်။ Pane တွေ တစ်ခုမက ပြပေးနိုင်တယ်။ ပါသင့်ပါထိုက်ရဲ့သားနဲ့ File Explorer မှာပါမလာတဲ့ Feature အတော်များများကိုလည်း Free Explorer မှာပါမလာတဲ့ Feature အတော်များများကိုလည်း Free Commander မှာတွေ့ရပါမယ်။ www.snipca.com/20816 ကနေ download ချပြီး အခမဲ့သုံးနိုင်ပါတယ်။ သူ့မှာ ပြည့်စုံတဲ့ help ဖိုင်လည်း ပါပါတယ်။ PC တစ်ခုလုံးကို သင့်တော်သလို explore လုပ်နိုင်ဖို့ အခုပဲ လုပ်ငန်းစလိုက်ပါတော့။

Disk Clean-up
PC ထဲက Junk ဖိုင်တွေ Temp ဖိုင်တွေကိုရှင်းလင်းပစ်နိုင်ဖို့ Windows ထဲမှာ Disk clean-up ကို တစ်ပါတည်းထည့်ပေးထားပါတယ်။ သူက အလုပ်လုပ်တာ သိပ်ပြီးနှေးပါတယ်။ သူ့ထက်စာရင် အလုပ်လုပ်တာပိုမြန်ပြီး စိတ်ချရတဲ့ Software ကိုပြောင်းသုံးသင့်ပါတယ်။ Windows ထဲက Disk clean-up က သုံးမဖြစ်လို့လား မဟုတ်ပါဘူး။ ဒါပေမဲ့ စွမ်းဆောင်သင့်တဲ့ အတိုင်းအတာတစ်ခုထိရောက်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဥပမာပြရရင် ရေချိုးခန်းထဲက ကြွေပြားတွေ အညှိတက်တဲ့အခါ မှာ ကြွေပြားကြေးချွတ်ဆေးက အကောင်းဆုံးလုပ်ပေးနိုင်ပါတယ်။ ရေနွေးနဲ့ ရေလောင်းဆေးလို့ မပြောင်ပါဘူး။ Windows Disk Clean-up က ရေနွေးနဲ့လောင်းဆေးသလို ဖြစ်နေပါတယ်။


မလိုလားအပ်တဲ့ဖိုင်တွေ ပြောင်စင်သလောက် မပြောင်စင်ပါဘူး။ ဒီကိစ္စအတွက် အစွမ်းထက်တာက CCleaner ပါ။ သူ့ကို www.snipca.com/20817 ကနေ download ချပြီး အခမဲ့သုံးနိုင်ပါတယ်။ Drive cleaning လုပ်တဲ့နေရာမှာ သူက ဆရာတစ်ဆူပါ။ Windows ရဲ့ disk clean-up ထက်သာတဲ့အချက်က သူ့ဟာ IE နဲ့ Edge browser တွေက ချန်ထားခဲ့တဲ့ အမှိုက်သရိုက်တွေကို ရှင်းပေးနိုင်ရုံတင်မကဘဲ တခြား browser ပေါင်းစုံက ထားခဲ့တဲ့အမှိုက်သရိုက်တွေပါ ရှင်းလင်းပေးနိုင်တာဖြစ်ပါတယ်။ Software နဲ့ drive installation လုပ်ရာက ကျန်ခဲ့တဲ့ Junk ဖိုင်တွေကိုလည်း CCleaner က ရှင်းပေးနိုင်ပါတယ်။ CCleaner ဟာ disk-clean-up ထက် အားသာချက်အတော်များများလည်းရှိပါတယ်။ အဲဒါတွေထဲမှာ တစ်ထပ်တည်းတူတဲ့ဖိုင်ပွားတွေကို ရှာထုတ်ပေးနိုင်တဲ့အချက်နဲ့ Unistall လုပ်ပေးနိုင်တဲ့အချက်တို့ ပါပါတယ်။

Zipping / Unzipping
ဖိုင်တွေသိမ်းတဲ့အခါ ဖိုင်တွေကို တစ်နေရာကနေတစ်နေရာပို့တဲ့အခါ လွယ်ကူမှုရှိအောင် ဖိုင်ချုံ့သွင်းရတဲ့အလုပ်ကို လိုအပ်ပါတယ်။ များသောအားဖြင့် RAR ဖိုင်အနေနဲ့ ချုံ့ပေးမယ့် ZIP ဖိုင်အနေနဲ့ ချုံ့တာမျိုးလည်း ရှိပါတယ်။ ဖိုင်တွေကို ချုံ့သွင်းတဲ့အခါ Archive ထဲက ဖိုင်တွေကို ဖြည်ထုတ်တဲ့အခါ Windows ထဲမှာ တစ်ပါတည်းထည့်ပေးလိုက်တဲ့ ZIP Tool က ကောင်းပါတယ်။ ZIP နဲ့ ချုံ့သွင်းထားတဲ့ဖိုင်တွေကို ZIP Tool က ကောင်းပါတယ်။ ZIP နဲ့ ချုံ့သွင်းထားတဲ့ဖိုင်တွေကို encrypt split ၊ password protect ဆိုတာတွေ မလုပ်ချင်သေးသရွေ့ Windows ရဲ့ ZIP tool က ကောင်းပါတယ်။ ဒါပေမဲ့ ချုံ့သွင်းထားတဲ့ဖိုင်တွေနဲ့ပတ်သက်တဲ့ Windows ရဲ့ tool ဟာ သိပ်ပြီးအကန့်အသတ်ရှိပါတယ်။ သူ့အစားသုံးသင့်တာက Peazip ပါ။ www.snipca.com/20818 ကနေ download ချပြီး အခမဲ့ သုံးနိုင်ပါတယ်။ Portable version လည်းရှိပြီး လုံခြုံစိတ်ချရပါတယ်။ လောလောဆယ်ထွက်ထားတဲ့ 7 Zip ဆိုရင် ကွန်ပျူတာထဲ ဟက်ကာတွေဝင်နိုင်အောင် ယိုပေါက်တွေထားခဲ့တာ တွေ့ရပါတယ်။ Peazip ဟာ ဖိုင် format ပေါင်း ၁၈၀ ကျော်ကို open extract နဲ့ encrypt လုပ်နိုင်ပါတယ်။

Screen Capture
ကွန်ပျူတာဆိုင်ရာပညာပေးသင်ခန်းစာတွေထုတ်တဲ့အခါ computer မှာပေါ်တဲ့ပြဿနာတွေကို ပညာရှင်ဆီတင်ပြတဲ့အခါ web page ထဲက လိုတဲ့နေရာတွေကိုကွက်ပြီး ဖြတ်ထုတ်ယူတဲ့အခါမျိုးတွေမှာ Screen shot တွေက သိပ်ပြီးအသုံးဝင်ပါတယ်။ ဒီလိုအလုပ်မျိုးအတွက် screen capture tool ကို သုံးရပါတယ်။ ဒီလို capture ဖမ်းနိုင်ဖို့အတွက် Windows ကပေးထားတဲ့ tool နှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံးက သိပ်ပြီးကောင်းလှတယ် မဟုတ်ပါဘူး။ ပထမ tool တစ်ခုက screen တစ်ပြင်လုံးကို capture လုပ်တဲ့ tool ပါ။ Screen ပုံကို copy ကူးမယ်ပြီးရင် Clipboard ပေါ်တင်ပေးမယ်။ Paint လို program ထဲမှာ သွားပြီး Paste လုပ်ဆိုတဲ့ program မျိုးပါ။


အခြေခံအဆင့်လောက်ပဲရှိတဲ့ ဒီ Tool ကို print screen လို့ ခေါ်ပါတယ်။ Keyboard ပေါ်မှာကြည့်ရင် print screen key အနေနဲ့ တွေ့ရပါမယ်။ နောက်ထပ်တွေ့ရမယ့် tool တစ်ခုက Snipping tool ဖြစ်ပါတယ်။ သူကတော့ screen capture tool နဲ့ နည်းနည်းတူလာတယ်။ Option တွေ အတော်အသင့်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း အကန့်အသတ်တွေရှိတုန်းပါပဲ။ သူ့ထက်စာရင် screen capture လုပ်နိုင်ရုံမကဘဲ image editing ပါ တစ်ပါတည်းလုပ်နိုင်တဲ့ Pic Pick က ပိုပြီးကောင်းပါတယ်။ www.snipca.com/20823 ကနေ download ချပြီး အခမဲ့ သုံးနိုင်ပါတယ်။ အခပေး version ကိုသုံးရင်ဖြင့် အလွန်ပြောင်မြောက်တဲ့ တန်ဆာဆင်မှုလုပ်ဆောင်ချက်တွေကို တွေ့ရပါမယ်။

Disc Burning
အခုအချိန်မှာ CD/DVD burn တယ်ဆိုတဲ့ကိစ္စဟာ အတော်ကြီးနည်းသွားပါပြီ။ ဒါပေမဲ့ ဖိုင်တွေ share လုပ်တဲ့အခါမှာဖြင့် ဗိုင်းရပ်စ်ကူးစက်ဖို့ အခွင့်အလမ်းပိုနည်းတဲ့ disc burning က အသုံးဝင်နေပါသေးတယ်။ Windows ရဲ့ Disc burning ဟာ တကယ့်ကို အခြေခံအဆင့်ဖြစ်ပါတယ်။ Disc burning လုပ်လို့ ဖြစ်တယ်ဆိုရုံလောက်အဆင့်ပဲရှိပါတယ်။ ဒီကိစ္စအတွက် အခမဲ့သုံးနိုင်တဲ့ Software နှစ်မျိုးရှိပါတယ်။ အပီအပြင် အခမဲ့သုံးနိုင်တာက Burnware free ပါ။ သူ့ကို www.snipa.com/20819 ကနေ download ချပြီး အခမဲ့သုံးနိုင်ပါတယ်။ သုံးရတာ သိပ်ပြီးရိုးရှင်းလွယ်ကူပါတယ်။ 


Data disc, bootable disc, ISO image, Audio CD နဲ့ DVD video တွေ အစုံ burn နိုင်ပါတယ်။ နောက်တစ်မျိုးကတော့ DVD drive ၀ယ်ရင် အခမဲ့ထည့်ပေးတဲ့ Nero 9 essential ဖြစ်ပါတယ်။ ဘယ်ကွန်ပျူတာအတွက်မဆို အခမဲ့သုံးနိုင်ပါတယ်။ Disc burning အတွက် သိပ်ပြီးပြည့်စုံတဲ့ Software ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ " HTC One A9 " ♫


HTC One A9 နောက်ဆုံးပေါ် အဆင့်မြင့်ဒီဇိုင်းပုံစံနဲ့ အလယ်အလတ်အတန်းစား စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ၎င်းရဲ့အားသာချက်တွေအနေနဲ့ အရည်အသွေးမြင့်မားတဲ့ ကင်မရာ၊ လှပခန့်ညားတဲ့ ကိုယ်ထည်တည်ဆောက်ပုံဒီဇိုင်း၊ တိကျမြန်ဆန်တဲ့ finger-print sensor တို့ဖြစ်ပြီး ဘက်ထရီစွမ်းအားမှာ အနည်းငယ် အားနည်းနေတဲ့အပြင် ဈေးနှုန်းကလည်း အထူးမြင့်မားတာကို တွေ့ရပါတယ်။ ဘက်ထရီစွမ်းအားနည်းပေမယ့် Qualcomm ရဲ့ Quick Charge နည်းပညာကို ထည့်သွင်းပေးထားတာကြောင့် ဖုန်းအားသွင်းရတာ မြန်ဆန်မှုရှိပါတယ်။ HTC ရဲ့ အမှတ်အသားဖြစ်တဲ့ BoomSound စပီကာကိုထည့်မထားဘဲ အောက်ဘက်ထောင့်စွန်းလေးမှာ ၎င်းကိုယ်ထည်ပုံစံနဲ့ကိုက်ညီတဲ့ Single-mono speaker ကို ထည့်သွင်းထားပါတယ်။ အသံအရည်အသွေးက ကောင်းမွန်ပြီး ဖုန်းအ၀င်အထွက်တွေမှာ ကြည်လင်ပြတ်သားတဲ့အသံတွေကို ကြားရမှာပါ။ Finger-print sensor ကလည်း Samsung ဖုန်းတွေမှာတွေ့ရတဲ့ အရွယ်အစားနဲ့ ပုံစံအတိုင်းပါပဲ။ ၎င်းဖုန်းကို GSM, HSPA နဲ့ LTE networks တွေမှာသုံးနိုင်ပြီး Nano SIM card အမျိုးအစားကို ထည့်သွင်းစွဲနိုင်ပါတယ်။

* Design & Build *

HTC One A9 ရဲ့ဒီဇိုင်းက ပုံစံပြားပြားရှပ်ရှပ်လေးနဲ့ ထောင့်ဝိုင်းပုံစံလေးဖြစ်ပြီး နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံး မှန်းကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ကိုယ်ထည်ကို အလူမီနီယံနဲ့ပြုလုပ်ပေးထားတာကြောင့် သစ်လွင်တောက်ပနေပါတယ်။ အရှေ့ဘက်မှန်က အမဲရောင်မှန်ဖြစ်ပြီး ခလုတ်တွေနဲ့ port တွေတည်ရှိနေပုံက iPhone နဲ့ အနည်းငယ်ဆင်တူပါတယ်။ ဒါပေမဲ့ iPhone ထက် ပိုကျယ်ပြီး ပိုရှည်တာကို တွေ့ရပါတယ်။ တိကျမြန်ဆန်တဲ့ fingerprint sensor က အရှေ့ဘက် home button မှာရှိပြီး နောက်ကျောဘက်မှာတော့ ကင်မရာနဲ့ flash မီးလုံးလေးရှိပါတယ်။ အပေါ်ဆုံးနဲ့အောက်ဆုံးမှာ သွယ်တန်းနေတဲ့ မျဉ်းကြောင်းလေး ၂ ကြောင်းကိုလည်း တွေ့ရပါတယ်။ အပေါ်ဘက်မျဉ်းကြောင်းလေးရဲ့အပေါ်မှာ ကင်မရာရှိပြီး flash မီးလုံးလေးက ၎င်းကင်မရာရဲ့ ဘေးတည့်တည့်မှာ ရှိပါတယ်။ နောက်ကျောအလယ်မှာ HTC တံဆိပ်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။ ဖုန်းအရွယ်အစားက 145.8×70.8×7.3 mm ရှိပြီး 143g အလေးချိန်လေးတဲ့အတွက် ကိုင်တွယ်သုံးစွဲလို့ သင့်တော်တဲ့အရွယ်အစားနဲ့ အလေးချိန်ပါပဲ။ ၎င်းရဲ့ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီတဲ့ Carbon Gray, Opal Silver, Topaz Gold, Deep Garnet, Pink ဆိုတဲ့ လှပသစ်လွင်တောက်ပတဲ့ အရောင် ၅ မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပါတယ်။

* Display *

မျက်နှာပြင်အကျယ် ၅ လက်မရှိပြီး AMOLED Capacitive touchscreen ကိုသုံးထားကာ 1080×1920 pixels ရှိတဲ့ full HD မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပါတယ်။ ၁ လက်မသိပ်သည်းဆပမာဏကတော့ ~441 ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ပါရှိပြီး ၎င်းမျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားတာကြောင့် မတော်တဆပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။

* Operating System and Camera *

ကိုယ်ထည်အတွင်းထဲမှာ Android OS, v6.0 (Marshmallow) ကို run ထားပါတယ်။ အနောက်ကင်မရာမှာ 13MP resolution ပါရှိပြီး အလင်းရောင် အားနည်းတဲ့နေရာတွေမှာလည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ Optical Image Stabilization စနစ်ကို ထောက်ပံ့ပေးထားပါတယ်။ အရှေ့ကင်မရာကတော့ 4MP ပါရှိပြီး ကင်မရာ ၂ ခုစလုံးနဲ့ 30fps မှာ 1080p အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ယူနိုင်ပါတယ်။

* Performance *

လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အ၀ရရှိစေနိုင်ဖို့အတွက် Qualcomm MSM8952 Snapdragon 617chipset နဲ့ Octa-core (4×1.5GHz Cortex-A53 & 4×1.2GHz Cortex-A53) processor တို့ကို ပေါင်းစပ်တီထွင်ပေးထားပြီး Adreno 405 ရဲ့အကူအညီတွေနဲ့ ထပ်မံပံ့ပိုးပေးထားပါတယ်။ ဂိမ်းတွေ၊ apps တွေ တော်တော်များများကို အဆင်ပြေပြေအသုံးပြုနိုင်ပေမယ့် အချို့အရမ်းလေးတဲ့ ဂိမ်းတွေကိုကစားရင်တော့ graphics ပုံရိပ်တွေက ကောင်းမွန်ပေမယ့် ချောချောမွေ့မွေ့ကစားနိုင်ဖို့ frame rate တွေကတော့ အနည်းငယ်နှေးတာကို တွေ့ရပါတယ်။ ဒါ့အပြင် ၎င်းရဲ့ဈေးနှုန်းနဲ့ယှဉ်ကြည့်မယ်ဆိုရင် ထောက်ပံ့ပေးထားတဲ့ ဘက်ထရီစွမ်းအားကလည်း အနည်းငယ်အားနည်းမှုရှိပါတယ်။ ကျန်တဲ့အချက်တွေအားလုံးကတော့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးရဲ့ စံချိန်၊ စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိပါတယ်။

Specification
Display : 5.0 inch, AMOLED capacitive touchscreen, 16M colors
Memory : 16 / 32 GB, 2 / 3 GB RAM, microSD, upto 200GB
Camera : 13MP, autofocus, dual-LED (dual tone) flash
OS : Android OS, v6.0 (Marshmallow)

Phone - 01-245180 (KMD)

Price - 469,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ Samsung မှ စမတ်ဖုန်းမော်ဒယ်သစ် Galaxy J2 Prime အား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက် ♫

galaxy-j2-prime

နောက်ဆုံးပေါ် အဆင့်မြှင့်တင်ထားသော ထူးခြားသည့် လုပ်ဆောင်ချက်များနှင့်အတူ နှစ်သက်ဖွယ် အရည်အသွေးများကို ပေါင်းစပ်ထုတ်လုပ်ထားသော Galaxy J2 Prime စမတ်ဖုန်း မော်ဒယ်သစ် အား မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Samsung Myanmar မှ ယနေ့ သတင်းထုတ်ပြန်ကြေငြာလိုက်သည်။

ဖုန်း၏ နဂိုမူလ လှပချောမွေ့သောဒီဇိုင်းအား ထပ်မံတိုးမြှင့် ဖန်တီးထားခြင်းကြောင့် Galaxy J2 Prime သည် အခြားဖုန်းများနည်းတူ လှပ၍ ဒီဇိုင်းဆန်းပြားသော ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲသို့ရောက်ရှိလာခဲ့သည်။ အဆိုပါဖုန်းအား ပေါ့ပါးသောကိုယ်ထည်ဖြင့် ဖန်တီးထားသောကြောင့် လက်တစ်ဖက်တည်းဖြင့် ကိုင်တွယ်နိုင်မည်ဖြစ်ပြီး ဖုန်းအား မြဲမြံစွာကိုင်တွယ်အသုံးပြုနိုင်ရန် အနောက်မျက်နှာပြင်အား အလွယ်တကူလွတ်မကျစေသည့် ဒီဇိုင်းဖြင့်ပြုလုပ်ပေးထားသည်။

Galaxy J2 Prime တွင် ၅ လက်အရွယ်အစားရှိ qHD TFT မျက်နှာပြင်နှင့်အတူ f/2.2 aperture နှင့် 720p video recording ပါဝင်သော 8 Megapixel အရည်အသွေးရှိ နောက်ကင်မရာ နှင့် f/2.2 aperture ထည့်သွင်းထားသော 5 Megapixel အရည်အသွေးရှိ ရှေ့ကင်မရာတို့ပါဝင်သည်။ အဆိုပါ 5 Megapixel အရည်အသွေးရှိ ရှေ့ကင်မရာတွင် LED flash အားထည့်သွင်းပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် ကြည်လင်၍ပြတ်သားသော selfie ဓာတ်ပုံများကိုရိုက်ကူးနိုင်မည်ဖြစ်သည်။ ထို့ပြင် 1.4GHz quad-core processor နှင့် 1.5GB RAM တို့ဖြင့် အားဖြည့်ပြုလုပ်ဖန်တီးထားသည်။ အဆိုပါဖုန်းတွင် မူလဖုန်းတွင်းမှတ်ဥာဏ် 8 GB ပမာဏပါဝင်ပြီး ထပ်မံတိုးမြှင့်အသုံးပြုနိုင်ရန်အတွက်လည်း microSD card slot ထည့်သွင်းပေးထားသည်။ ဖြုတ်တပ်နိုင်သော 2,600 mAh ပမာဏရှိဘက်ထရီ၊ လက်ဗွေရာစနစ်၊ ဆင်းမ်ကဒ်နှစ်ကဒ် ထည့်သွင်းအသုံးပြုနိုင်သော slot နှင့် LTE ကွန်ယက်ချိတ်ဆက်မှုတို့ပါဝင်သည်။

“ကျွန်တော်တို့ Samsung အနေနဲ့ မြောက်များစွာသော သုံးစွဲသူ တွေရဲ့ တုံ့ပြန်မှု နဲ့ လိုအပ်ချက်တွေကို အဓိကထားပြီး တီထွင်ဆန်းသစ်မှုတွေကို ကျွန်တော်တို့ရဲ့ စဉ်ဆက်မပြတ်ဆက်လက်ဖန်တီးလုပ်ဆောင်နေပါတယ်။ အခု အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Galaxy J2 Prime က ခေတ်မီဆန်းပြားပြီး ချောမွေ့လှပတဲ့ဒီဇိုင်းကြောင့် လက်တွေ့ကျကျအသုံးဝင်မှု နဲ့ ဒီဇိုင်းဆန်းသစ်မှုကို အချိုးကျကျ ပေါင်းစပ်ဖန်တီးထားတဲ့ ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှပြောကြားခဲ့သည်။

“ဒီ Galaxy J2 Prime နဲ့အတူ သုံးစွဲသူတွေအနေနဲ့ Quick Launch Mode လို့ခေါ်တဲ့ တစ်စက္ကန့်အတွင်း Home button ကို နှစ်ချက်ဆက်တိုက်နှိပ်ရုံနဲ့ ကင်မရာကိုဖွင့်နိုင်ပြီး ကြည်လင်တောက်ပတဲ့ selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့သည်။

စွမ်းဆောင်ရည်မြင့်မားသော Galaxy J2 Prime သည် အဆင့်မြှင့်တင်ထားသော chipset စွမ်းဆောင်ရည်နှင့် သုံးစွဲသူများအား ချောမွေ့၍ နစ်မြောဖွယ်ရာ သုံးစွဲမှုအတွေ့အကြုံအားပေးစွမ်းနိုင်သည့် ကြီးမားသော RAM ပါဝင်သောကြောင့် ဖျော်ဖြေရေးဆိုင်ရာ ထုတ်ကုန်တစ်ခုဖြစ်သည်။ အဆိုပါဖုန်းတွင် Android 6.0 Marshmallow အား ထည့်သွင်းပေးထားပြီး သုံးစွဲသူများအနေဖြင့် app permissions များပြုလုပ်ခြင်း၊ setting များ ပြောင်းလဲခြင်း နှင့် ပိုမိုလွယ်ကူစွာအသုံးပြုနိုင်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်စေရန် OS designအား သုံးစွဲသူများ ပိုမိုလွယ်ကူစွာအသုံးပြုနိုင်ရန် ပြန်လည်ဆန်းသစ်ဖန်တီးထားသည်။ Samsung ၏ touchscreen interface ဖြစ်သော နောက်ဆုံးထွက် TouchWiz version အသစ်ကိုလည်း ထည့်သွင်းပေးထားသည်။

မြနမာနိုင်ငံမှ သုံးစွဲသူများအနေဖြင့် Galaxy J2 Prime အား ၁၅၉,၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Brand ဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အနက်ရောင်၊ ရွှေရောင်၊ ငွေရောင် နှင့် ပန်းရောင် အစရှိသည့်အရောင်များအား ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...