3/04/2013

"စိတ်နှလုံးထူးမြတ် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်"

"စိတ်နှလုံးထူးမြတ် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်"

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS1b5mTJngoYXd-VxvMBiUB9DT4CU0t5G_jICGuH93XpPova3QUnUN9I-uvxTqrCyqaauv_pN8xZwsawVxNBSJr1QUCOIiVJKESSn5hXU1wUvT79p_on2LQY-0yCaXrbpHJTnwWfxhZ9fD/s1600/59093_439468796940_263212646940_4926918_3127575_n.jpg
မြတ်စွာဘုရားသည် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူနေပါသည်။
တစ်ခုသောအခါ အရှင်သာရိပုတ္တရာသည် ၀ါကျွတ်ပြီး၍ ခရီးထွက်လိုပါသဖြင့် ဘုရားရှင်အား ပန်ကြားလျှောက်ထား ရှိခိုးကာ အခြံအရံနှင့်တကွ ခရီးထွက်တော်မူလေသည်။ ရဟန်းတော်ပေါင်း များစွာတို့ အရှင်သာရိပုတ္တရာ နောက်သို့ လိုက်ခဲ့ကြလေသည်။ အရှင်သာရိပုတ္တရာသည် နာမည်အနွယ်တို့ဖြင့် ထင်ရှားသော ရဟန်းတို့ကို နာမည် အနွယ်တို့ဖြင့် ခေါ်ကာ ပြန်လွှတ်တော်မူခဲ့သည်။

ထိုရဟန်းထဲမှာ နာမည် အနွယ်တို့ဖြင့် မထင်ရှားသော ရဟန်းတစ်ပါးသည် “ငါ့ကိုလည်း နာမည် အနွယ်ဖြင့် ချီးမြှောက်သောအားဖြင့် ခေါ်ပြီး အပြန်ခိုင်းရင် ကောင်းမှာပဲ” ဟု ကြံစည်လေ၏ ။

အရှင်သာရိပုတ္တရာသည် ရဟန်းများစွာထဲတွင် သူ့ကို သတိမထားမိ၊ ထိုမထင်ရှားသော ရဟန်းသည် “အခြားသော ရဟန်းတွေကို ခေါ်သကဲ့သို့ သူ့ကို ချီးမြှောက်ပြီး မခေါ်” ဟု တွေးကာ ရန်ငြိုးဖွဲ့လေ၏ ။ အရှင်သာရိပုတ္တရာ၏ သင်္ကန်းစွန်းဖြင့်လည်း ထိုရဟန်း၏ ကိုယ်ကို ထိခိုက်မိလေ၏ ။ ထို့ကြောင့်လည်း ရန်ငြိုးဖွဲ့ပြန်လေ၏ ။

ထိုရဟန်းသည် “ယခုအခါ အရှင်သာရိပုတ္တရာသည် ကျောင်း၏ ဥပစာကို လွန်ပြီး ဖြစ်လိမ့်မည်” ဟု သိ၍ ဘုရားရှင်ထံ ချဉ်းကပ်ကာ “မြတ်စွာဘုရား၊ အရှင်သာရိပုတ္တရာသည် သူဟာ အရှင်ဘုရားတို့၏ အဂ္ဂသာဝက ဖြစ်တယ် ဆိုပြီး တပည့်တော်၏ နား၇ွက်ကို ကွဲအောင် ရိုက်ခွဲလိုက်သည်အလား ရိုက်ခဲ့ပြီး သည်းခံရန် မတောင်းပန်ဘဲသာ ခရီးထွက်သွားခဲ့ပါသည်’” ဟု လျှောက်ထားလေ၏ ။ ဘုရားရှင်သည် အရှင်သာရိပုတ္တရာ ကို ပြန်လာဖို့ အခေါ်ခိုင်းလိုက်လေသည်။

ထိုခဏ၌ အရှင်မဟာမောဂ္ဂလ္လာန်နှင့် အရှင်အာနန္ဒာတို့သည် “ငါတို့၏ နောင်တော်ကြီးက ဤရဟန်းအား ထိခိုက်အောင် မလုပ်ကြောင်းကို ဘုရားရှင် မသိ မဟုတ်ပေ၊ သိတော်မူသည်သာ၊ သို့သော် နောင်တော်ကြီးရဲ့ ဖြေရှင်းချက် (သီဟနာဒ) ကို ပြောကြားစေလိုလို့သာ ပရိသတ်ကို စုဝေးစေတာ ဖြစ်ပေလိမ့်မည်” ဟု တွေးနေကြလေ၏ ။ ထိုအရှင် ၂ ပါး တို့သည် သော့ကို ယူကာ ပရိဝုဏ်တံခါးတို့ကို ဖွင့်ပြီး “အရှင်တို့ ကြွကြပါကုန်၊ အရှင်တို့ ကြွကြပါကုန်၊ ယခုအခါ အရှင်သာရိပုတ္တရာသည် ဘုရားရှင် ရှေ့တော်မှောက်ဝယ် ခြင်္သေ့မင်း၏ အသံနှင့်တူသော ရဲရင့်စွာ မြွက်ကြားလျှောက်ထားအပ်သော အသံဖြင့် လျှောက်ထားပါလိမ့်မည်” ဟု ပြော၍ ရဟန်းအပေါင်းကို စုဝေးစေကြကုန်ပြီ။

အရှင်သာရိပုတ္တရာသည်လည်း ပြန်ကြွလာကာ ဘုရားရှင်ကို ရှိခိုးပြီး ထိုင်နေလေပြီ။ ထိုအခါ ဘုရားရှင်သည် အရှင်သာရိပုတ္တရာအား ထိုကိစ္စအကြောင်းကို မေးလေသည်။

အရှင်သာရိပုတ္တရာသည် ”ဤရဟန်းကို တပည့်တော် မထိပုတ်ပါ” ဟု မလျှောက်ထားဘဲသာ မိမိ၏ဂုဏ်ကို လျှောက်ထားလိုသဖြင့် ဤသို့ လျှောက်ထားခဲ့ပါသည်။

“မြတ်စွာဘုရား၊ ရုပ်အပေါင်းကိုယ်၌ ကာယဂတာ သတိ မထင်တဲ့သူဆိုရင် သီတင်းသုံးဖော် ရဟန်းတစ်ပါးပါးကို ထိပါးတိုက်ခိုက်ပြီး မတောင်းပန်ဘဲ ထွက်သွားတယ် ဆိုတာ ဖြစ်နိုင်ပါတယ်ဘုရား။

၁။ မြတ်စွာဘုရား၊ ဥပမာဖြင့် လျှောက်ရလျှင် မြေကြီးပေါ်မှာ စင်ကြယ်တာတွေရော မစင်ကြယ်တာတွေပါ ပစ်ချကြပါတယ်။ ကျင်ကြီး ကျင်ငယ် နှပ် တံတွေး သွေး ပြည်ပုပ်တွေကိုလည်း ပစ်ချကြပါတယ်။ ဒါပေမဲ့ မြေကြီးက ညည်းညူခြင်း စက်ဆုပ်ခြင်း မရှိဘဲ လက်ခံနေပါတယ်။ တပည့်တော်ဟာ အဲဒီမြေကြီးလိုပါပဲ၊ ဘယ်သူက ဘယ်လိုပင် ပြုမူပြောဆိုစေကာမူ မြေကြီးလိုပင် သည်းခံနေပါတယ်ဘုရား။

၂။ မြတ်စွာဘုရား၊ ဥပမာဖြင့် လျှောက်ရလျှင် ရေထဲမှာ စင်ကြယ်တာ မစင်ကြယ်တာတွေကိုလည်း ဆေးကြောကြပါတယ်၊ ကျင်ကြီး ကျင်ငယ်စသည်ကိုလည်း ဆေးကြောကြပါတယ်။ ဒါပေမဲ့ ရေကတော့ ညည်းညူခြင်း ရွံရှာစက်ဆုပ်ခြင်း မရှိပါ။ တပည့်တော်ဟာ အဲဒီရေလိုပင် စိတ်သဘောထားပြီး သည်းခံနေပါတယ်ဘုရား။

၃။ မြတ်စွာဘုရား၊ ဥပမာဖြင့် လျှောက်ရလျှင် မီးဟာ စင်ကြယ်တာကိုလည်း လောင်တယ်၊ မစင်ကြယ်တာကိုလည်း လောင်တယ်။ ကျင်ကြီး ကျင်ငယ်စသည်တို့ကိုလည်း လောင်တယ်။ ဒါပေမဲ့ မီးကတော့ စက်ဆုပ်ခြင်း မရှိပါ။ တပည့်တော်ဟာ အဲဒီမီးလိုပင် သဘောထားကြီးပြီး သည်းခံနေပါတယ်ဘုရား။

၎။ မြတ်စွာဘုရား၊ ဥပမာဖြင့် လျှောက်ရလျှင် လေဟာ စင်ကြယ်တာ မစင်ကြယ်တာကိုလည်း တိုက်တယ်။ ကျင်ကြီးစသည်ကိုလည်းတိုက်တယ်။ ကျင်ကြီးစသည်ကိုလည်းတိုက်တယ်။ ဒါပေမဲ့ လေကတော့ စက်ဆုပ်ခြင်း မရှိပါ။ တပည့်တော်ဟာ အဲဒီလေလိုပင် သဘောထားပြီး သည်းခံနေပါတယ်ဘုရား။

၅။ မြတ်စွာဘုရား၊ ဥပမာဖြင့် လျှောက်ရလျှင် ခြေသုတ်အ၀တ်ဟာ စင်ကြယ်တာ မစင်ကြယ်တာကိုလည်း သုတ်တယ်။ ကျင်ကြီးစသည်ကိုလည်း သုတ်တယ်။ ဒါပေမဲ့ အဲဒီခြေသုတ်အ၀တ်ကတော့ စက်ဆုပ်ခြင်း မရှိပါ။ တပည့်တော်ဟာ အဲဒီခြေသုတ်လိုပင် သဘောထားပြီး သည်းခံနေပါတယ်ဘုရား။

၆။ မြတ်စွာဘုရား၊ ဥပမာဖြင့် လျှောက်ရလျှင် ခွက် လက် စွဲကာ ဟောင်းနွမ်းစုတ်ပြတ်တဲ့အ၀တ်ကို ၀တ်ပြီး ရွာ နိဂုံးသို့ ၀င်သောအခါ မိမိကိုယ်ကို နှိမ့်ချထားတဲ့ စိတ်နဲ့ ၀င်တဲ့ သူတောင်းစားသူငယ်လိုပင် တပည့်တော်မှာ နှိမ့်ချတဲ့စိတ် ရှိပါတယ် ဘုရား။

၇။ မြတ်စွာဘုရား၊ ဥပမာဖြင့် လျှောက်ရလျှင် ဦးချို ကျိုးတဲ့နွားဟာ ဘယ်သူကိုမျှ ရန်မမူဘဲ ယဉ်ကျေးသိမ့်မွေ့နေသလိုပင် တပည့်တော်မှာ အဲဒီလို စိတ်သဘောထား ရှိပါတယ်ဘုရား။
၈။ မြတ်စွာဘုရား၊ ဥပမာဖြင့် လျှောက်ရလျှင် ရေချိုးပြီးနောက် နံ့သာများ လိမ်းပြီး စင်ကြယ်နေတဲ့ အပျို လူပျိုဟာ လည်ပင်း၌ မြွေသေပုပ် ခွေးသေပုပ် ဆွဲထားမယ်ဆိုရင် အဲဒီ အကောင်ပုပ်ကို စက်ဆုပ်သလိုပင် တပည့်တော်လည်း တပည့်တော်ရဲ့ ရုပ်ကိုယ်ကို စက်ဆုပ်နေပါတယ် ဘုရား။

၉။ မြတ်စွာဘုရား၊ ဥပမာဖြင့် လျှောက်ရလျှင် အပေါက်အကွဲများမှ ယိုကျနေသော အဆီအိုးကို ရွက်နေတဲ့သူဟာ အဲဒီအဆီအိုးကို စက်ဆုပ်သလိုပင် တပည့်တော်လည်း တပည့်တော့် ရုပ်ကိုယ်ကို စက်ဆုပ်နေပါတယ် ဘုရား။

အရှင်သာရိပုတ္တရာသည် ဤဥပမာ ၉ ပါးတို့ဖြင့် သူ့ဂုဏ်တို့ကို လျှောက်ထားသောအခါ ၉ ကြိမ် ရေအဆုံး ရှိသည်ကိုပြု၍ မြေကြီး တုန်လှုပ်လေပြီ။ ခြေသုတ်အ၀တ် ဥပမာ၊ သူတောင်းစား ဥပမာ၊ အဆီအိုး ဥပမာ တို့ဖြင့် လျှောက်ထားသောအခါ ပုထုဇဉ်ရဟန်းတို့မှာ မျက်ရည် မဆည်နိုင်အောင် ဖြစ်ကြလေ၏ ။ ရဟန္တာတို့မှာ ဓမ္မသံဝေဂ ဖြစ်ကြလေသည်။

အ၇ှင်သာရိပုတ္တရာသည် သူ့ဂုဏ်တွေကို လျှောက်ထားနေဆဲမှာပင် စွပ်စွဲပြစ်တင်သော ရဟန်း၏ တစ်ကိုယ်လုံးမှာ ပူလောင်နေတော့ပြီ။ ထို စွပ်စွဲပြစ်တင်သော ရဟန်းသည် ထိုခဏ၌ပင် မြတ်စွာဘုရား၏ ခြေတော်တို့၌လဲကျကာ သူ စွပ်စွဲပြစ်တင်မိသော အပြစ်ကို ထင်ရှားပြပြီး သည်းခံဖို့ လျှောက်ထားလေသည်။ မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာကို ခေါ်တော်မူပြီး “သာရိပုတ္တရာကို အဲဒီရဟန်းရဲ့ ဦးခေါင်း ၇ စိတ် ၇ ဖြာ မကွဲခင် မဂ်ဖိုလ် မမှီး အချည်းနှီးဖြစ်တဲ့ ဒီရဟန်းအား သည်းခံလိုက်လော့” ဟု မိန့်ကြားတော်မူလေသည်။ အရှင်သာရိပုတ္တရာသည် ဆောင့်ကြောင့်ထိုင်လက်အုပ်ချီကာ “မြတ်စွာဘုရား၊ ထိုအရှင်အား တပည့်တော် သည်းခံပါသည်၊ တပည့်တော်မှာ အပြစ်ရှိခဲ့လျှင် ထိုအရှင်သည်လည်း တပည့်တော်အား သည်းခံတော်မူပါ” ဟု လျှောက်ထားလေသည်။

“ငါ့ရှင်တို့ အရှင်သာရိပုတ္တရာ၏ နှိုင်းယှဉ်စရာ မရှိတဲ့ ဂုဏ်တော်များကို ကြည့်ရှုကြပါကုန်၊ မဟုတ်မမှန် စွပ်စွဲပြောဆိုသော ဤလိုရဟန်းမျိုးအပေါ်၌ အမျက်ဒေါသ အနည်းငယ်မျှ မထားဘဲ ကိုယ်တိုင်ပဲ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီကာ သည်းခံဖို့ လျှောက်ထားခဲ့ပေသေးသည်” ဟု ရဟန်းတို့ ပြောဆိုနေကြလေသည်။ ထိုရဟန်းတို့ ပြောစကားကို ဘုရားရှင် ကြားတော်မူ၍ “ဘာစကားတွေ ပြောနေကြသလဲ” ဟု မေးတော်မူသဖြင့် “ဤမည်သောစကားကို ပြောကြားနေကြပါသည်ဘုရား” ဟု လျှောက်ထားကြလေရာ ဘုရားရှင်က “ရဟန်းတို့၊ အရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်မျိုးတွေကို အမျက်ဒေါသ ထွက်အောင် ဘယ်သူမျှ မစွမ်းနိုင်ပေ၊ ရဟန်းတို့၊ သာရိပုတ္တရာ၏စိတ်သည် မြေကြီးနှင့်တူ၏ ၊ မြို့တံခါး၌ ခိုင်မာစွာ စိုက်ထားအပ်သော တံခါးတိုင်နှင့်လည်း တူ၏ ၊ ကြည်လင်သော ရေရှိသည့် ရေအိုင်နှင့်လည်း တူ၏” ဟု မိန့်တော်မူလေသည်။


အရှင်သာရိပုတ္တရာ၏ နှိမ့်ချသောစိတ်ထားကား မြင့်မားလှပါပေသည်။ မြင့်မြတ်လှပါပေသည်၊ မြတ်နိုးဖွယ် ကောင်းလှပါပေသည်၊ လေးစားဖွယ် ကောင်းလှပါပေသည်၊ အတုယူဖွယ် ကောင်းလှပါပေသည်။

သာမဏေကျော် ၏ (ကြည်ညိုဖွယ်ရာ၊ အရှင်သာရိပုတ္တရာ) မှ ကောက်နှုတ်ဖော်ပြပါသည်။


Facebook ပေါ်မှ ကျနော့်အကိုကြီး ကိုဝင်းသူ share ပေးထားသည်ကို ကြိုက်နှစ်သက်၍ ပြန်လည် ဒါနပြုပါသည်။